သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, July 16, 2012

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ

မေလ ၁၂ရက် ၂၀၁၂

အပိုင်း (၁)

မနေ့က တမင်းဆိုင်မှာ စာပေလောက က လူငယ်တစ်ယောက်နဲ့ စကားစပ်မိရင်း လူငယ်က ဦးကျော်ငြိမ်းသားမှန်းသိတာကြောင့် ထင်ပါရဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း မေးလာတယ်။ တချိန်ထဲမှာ ကွန်မြူနစ် စစ်ဗိုလ်တွေ နဲ့ ကွန်မြူနစ် စစ်ဗိုလ်တွေ ရဲ့ အားပြိုင်မှု ရာဇ၀င်အကြောင်း လည်းသိချင်ပုံရတယ်။ ဘာမှသိပ်..မဆွေးနွေးရသေးခင်မှာ အမျိုးသမီးက မိုးချုပ်နေမယ်လို့ သတိပေးလို့ ထပြန်ခဲ့ရတယ်။ အားမလို ၊ အားမရဖြစ်ခဲ့ရတယ်။ ပြန်တွေးကြည့်တော့ မိမိ ဖခင်ကြီးအကြောင်း ရေးဖို့ရာ လွပ်လပ်ရေးရာဇ၀င်ကို စနစ်တကျ စတင်လေ့လာစဉ်ကလည်း … မေးခွန်းမေးလာ တဲ့ လူငယ်ကဲ့သို့ .ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း ဂဃနဏ သိချင်လို့ .. မနည်းကြိုးစား ..လေ့လာခဲ့ရတယ်။ အကြောင်းက ..မြန်မာနိုင်ငံရဲ့ စစ်တပ်လို့ ..ဆိုတာနဲ့ … ရဲဘော်သုံးကျိပ်..ဆိုတာက ရှေ့တန်းရောက်လာတယ်။ တချိန်ထဲမှာ ..ရဲဘော်သုံးကျိပ် ဆိုတာနဲ့ … ကွန်မြူနစ် ..စစ်ဗိုလ်တွေကိုပဲ ..မျက်စိထဲ..ပေါ်လာတယ်။


အကြောင်းက …. မြန်မာစာပေလောက ကို လွပ်လပ်ရေးကာလ ..ကတည်းက ..လွှမ်းမိုးထားတာက ..လက်ဝဲ.အနီ ..စာရေးဆရာတွေ ..ဖြစ်တာအပြင် …. ကွန်မြူနစ်..ဆိုတာနဲ့ ..တချိန်ထဲ ..တွဲပါလာတာက ….၀ါဒဖြန့်ချီရေး..ဆိုတာပဲ။ ဒါကြောင့် ..မှားမှားမှန်မှန် … ကွန်မြူနစ်ဆိုရင် အကောင်း… ကွန်မြူနစ်ဆိုရင်လူတော် …ကွန်မြူနစ်ဆိုရင်..သူရဲကောင်း..ဖြစ်အောင် ..မြှင့်ရေး..ပင့်ရေး… မြှောက်ရေးကြတာ … မြန်မာနိုင်ငံမှ..မဟုတ် ..တကမ္ဘာလုံးပါပဲ။ ဒါ့အပြင် ..မြန်မာနိုင်ငံ့ ..လွပ်လပ်ရေးအတွက် ..အသက်ပေးသွားတဲ့ ..သူရဲကောင်းတွေထက် … ဘာမှမဆိုင်တဲ့ ..တရုတ်ကွန်မြူနစ် … ဗီယက်နမ်ကွန်မြူနစ် ..အိစံကွားလားတွေ ..အကြောင်း…ဝေချီဝေါင်းတို့..မော်တို့အကြောင်းကို အပြိုင်အဆိုင် ..ဘာသာပြန်ပြီး … ဒုတိယအကြိမ် ..တတိယအကြိမ် ..ထုတ်နေကြရတာက အမော။ ကြယ်နီနောက်ခံ..မှာ လက်သီးကြီးတွေတန်းပြီး… ရဲရဲတောက်..ကွန်မြူနစ် ..သူရဲကောင်းကြီးတွေ ..အဖြစ်..အားကျစရာ..မဖြစ်ဖြစ်အောင် ..ပုံဖေါ်နေကြတာ …အမျိုးသားစိတ်နဲ့ကြည့်ရင်..အော့နှလုံးနာစရာ…

လက်ရှိ..၂၁ရာစု ..ခေတ် …ကမ္ဘာကြီးမှာ ကွန်မြူနစ် ဆိုတာနဲ့ ..ဟင်..ဟာ..ထွီ..ဆိုပြီး ….ပေါ်လ်ပေါ့ တို့…စတာလင်တို့လို..လူသတ်ကောင်တွေပဲ..မြင်ကြပြီး …. ကွန်မြူနစ် ၀ါဒ..လမ်းဘေးရောက် သွားပြီ ဆိုတာကိုတောင် (သတိ) ..မရှိကြရှာဖူး။ တရုတ်ကြီးက … ကြယ်နီကြီးကိုသာ ..မဖြုတ်တာ… အရင်းရှင်..အမေရိကန်ထက်တောင် ..ဆိုးသေး…(ငွေ) အတွက်ဆို (၀)တို့က ဘာမဆိုလုပ်မှာ .. ဗီယက်နမ် ကလည်း ..တရုတ်နောက်လိုက်ပြီး….အမေရိကန်ကို .. ခါးဖက်ပြီး…ချမ်းသာနေလေရဲ့…. မြန်မာနိုင်ငံက ..ကိုယ်ရွှေဗမာကွန်မြူနစ်.တွေကသာ..ရဲရဲနီနေကြတုန်း။ ပစ္စည်းမဲ့ဘ၀က..မတက်နိုင်…တရုတ်ကြီးက ..ခွစားထားလိုက်တာ..မြန်မာနိုင်ငံက သံရာဇာတတွေလည်း ကုန်လုပြီ…နစ်ဖြူတွေက ..တရုတ်ဆိုရင်… အဖေခေါ်ချင်တုန်း…

ဒီလို..အနီ..တွေလွှမ်မိုးထားတဲ့ ..စာပေလောကမှာ ….မသိရင်… သူရဲကောင်းဆိုတာနဲ့ …ဗိုလ်ချုပ်အောင်ဆန်း..နဲ့ ဗိုလ်ချုပ်ကျော်ဇော် သာ ရှိသယောင် ..အတင်းပုံဖေါ်ထားတဲ့ ..စာပေလောကမှာ ….ဆိုရှယ်လစ်စစ်ဗိုလ်တွေသာမက … လွပ်လပ်ရေးအတွက် …တကယ်အသက်ပေးသွားတဲ့ …. တကယ့်သူရဲကောင်းတွေ..အကြောင်း…နောက်ခေတ်လူငယ်လေးတွေ ..မသိကြတော့တာ..မဆန်းလှပါဖူး…

ဥပမာ… BIA ၀င်ကာစ ..မှာ ..အလွန်နံမည်ကြီးတဲ့ … အင်္ဂလိပ်ကိုတကယ်တိုက်ပြီး လူသိများ ခဲ့ရတာ BIA ရဲဘော်သုံးကျိပ်ဝင် ..သူရဲကောင်း ..ဟာ…ဗိုလ်ရန်နိုင်ပဲ..ဖြစ်တယ်။ ရွှေတောင်တိုက်ပွဲ မှာဗမာ သူရဲကောင်း ၆၀ကျော် အသက်ပေးခဲ့ကြရတယ်။ ဗိုလ်ရန်နိုင်ဟာလည်း..ဟိုးလေးတကျော်…နံမည်ကြီးခဲ့ရတယ်။ အခု..သူသိများတဲ့..ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုတာ …. အဲဒီအချိန် က.. (ရန်နိုင်ဈေး) ..လို့တောင်အမည်တွင်ခဲ့တာ။ ဗိုလ်ရန်နိုင်ဟာ ဆယ်တန်းကျောင်းသားဘ၀ကတည်းက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး …. တကသ..ကျောင်းသားသမဂ္ဂမှာလည်းခေါင်းဆောင်… ဒါကြောင့် ရဲဘ်ာသုံးကျိပ်ကိုလွှတ်တဲ့ ..ပြည်သူ့အရးတော်ပုံပါတီက..ခေါင်းဆောင်တွေနဲ့ သိကျွမ်းကြပြီး … ဗိုလ်ဇေယျနည်းတူ… ကျောင်းသားကိုယ်စလှယ်အနေနဲ့..ရဲဘော်သုံးကျိပ်..အဖြစ်အရွေးခံရတာ။ နိုင်ငံရေး ရာဇ၀င်ရှိတဲ့ BIA ခေတ်သူရဲကောင်း။ အလားအလာရှိတဲ့ သူရဲကောင်းမို့ ..ဂျပန်ခေတ် အဓိပတိ..ဒေါက်တာဘမော်က….သူ့စစ်ဖက်လက်ထောက်အဖြစ်ခေါ်ထားရင်း..ဒေါက်တာဘမော်ရဲ့ သမီးနဲ့ အိမ်ထောင်ကျခဲ့တာ။

ဗိုလ်ရန်နိုင်သာ..ကွန်မြူနစ်ဖြစ်ကြည့်ပါလား …. အဝေစိသာမက ၊ တာဝတိံသာအထိပွက်ပွက်ဆူအောင်..ကွန်မြူနစ်တွေ… သူရဲကောင်းဖြစ်ကြောင်း..လှည့်မောင်းခပ်..လိုက်ကြမှာပေါ့။ ဗိုလ်ရန်နိုင့် သားအမွှာညီနောင်နှစ်ယောက် စလုံး… တောထဲမှာ..သေခဲ့ကြရရှာတယ်။ ရန်မျိုးနိုင် ..ရန်လင်းနိုင်လို့ ခေါ်တယ်။ စာရေးသူနဲ့ တတန်းထဲသားတွေပါ။ သားအကြီးရန်မျိုးက နိုင်ငံရေးစိတ်ပါတယ်။ (ဇ)ရှိတယ်။ ရန်လင်းကပိုအေးတယ်။ စာရေးသူနဲ့ ရန်မျိုးကအပြိုင်..ဘာကြောင့်မှန်းမသိ… ငယ်ငယ်ကတည်းကကြည့်မရကြ။ ကျောင်းကောင်စီမှာလည်း အမြဲပြိုင်ဖက်… ဆယ်တန်းအောင်တော့..စာရေးသူက စက်မှုတက္ကသိုလ်..သူကဆေးကျောင်းရတယ်။ ဒုတိယနှစ် (၁၉၆၉)မှာ… အဖေရှိရာတောထဲ..လိုက်သွားပြီး… နှစ်ယောက်စလုံးတောထဲမှာ … အသက်ရှုံးခဲ့ကြရတယ်။ ထိုစဉ်က ဗိုလ်ရန်နိုင်က ..ဦးနုတော်လှန်ရေး မှာ..တိုင်းမှူး။ ငယ်ငယ်ကပြိုင်ဖက်ဖြစ်ခဲ့ကြပေမဲ့ ဆေးကျောင်းကိုစွန့်..ဘ၀နဲ့ရင်းပြီး …ပေးစပ်ခဲ့ကြရတဲ့.. ကျောင်းနေဖက် သူငယ်ချင်းကို … အလေးပြုလျက်ပါ။ ဗိုလ်ရန်နိုင်တောခိုတော့ သူ့ဇနီးကို ပါဖမ်းတာ..မှတ်မိသလောက်… ဒေါက်တာဘမော်သမီး.. ဒေါ်တင်ဇာဟာ ဗိုက်ကြီးနဲ့ ..ထောင်ထဲမှာပဲ..ခလေးမွေးတယ်လို့ …မှတ်မိတယ်။ မိသားစု..လိုက်..ဘ၀နဲ့.. ရင်းခဲ့ရတဲ့..တော်လှန်ရေး.. မိသားစုပါ။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ …. တရားခံ..မထင်ရှားခင်မှာ လွတ်သွားမှာစိုးတာကြောင့် … ဦးကျော်ငြိမ်းက အားလုံးကိုဖမ်းတယ်။ ..ဒေါက်တာဘမော်ကို ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဖမ်းရတယ်။ ဗိုလ်ရန်နိုင်တို့လည်း ..ဒီမိုကရေစီခေတ်မှာ အဖမ်းခံရတယ်။ ဦးနေ၀င်းအာဏါသိမ်းပြီး ..ပြန်ဆုံကြတော့ … ဗိုလ်ရန်နိုင်က ..ဦးကျော်ငြိမ်းကို ..ခင်ဗျားကျုပ်ကို..ဘာကြောင့် အကြာကြီး ((၃)နှစ်၊ စာရေးသူ) ဖမ်းတာလည်း..ဆိုပြီး..ရန်တွေ့တယ်။ ဦးကျော်ငြိမ်းက .. “ခင်ဗျားကလူစွာတစ်ယောက်၊ ခင်ဗျားကကျူပ်နေရာ ပြည်ထဲရေးဝန်ကြီးလုပ်၊ ၊ ကျူပ်ကခင်ဗျားနေရာ ဗိုလ်ရန်နိုင်လုပ် ၊ အဲဒီအခါ ကျူပ်ကို ခင်ဗျား ဘယ်နေရာထားမှာလဲ ၊ ကိုယ့်လူအသေအချာစဉ်းစားကြည့် အဲဒါကြောင့် ကိုယ့်လူကို ကျုပ်တို့ထောင်ထဲထည့်ထားတာဟာစိတ်အချဆုံးဖြစ်တာလို့ ပိုသဘာဝကျတာပေါ့။ ကျနော်သေသေချာချာ ပြန်စဉ်းစား ကြည့်သည်။ သူပြောတာလမ်းကျသည်။ ကျနော်သူကို စိတ်ဆိုးပြေသွားသည်။ (မှတ်ချက်။ မြောင်းမြဘဆွေပြန်ထုတ်တဲ့ ( ကျွန်ုပ်တို့နှင့် ဦးကျော်ငြိမ်း ၊ စာမျက်နှာ ၁၃၂ မှ ဗိုလ်ရန်နိုင်၏ကိုယ်တိုင်ရေး))။ ဟိုတုန်းကခေါင်းဆောင်တွေချစ်စရာကောင်းတာက နိုင်ငံရေးအရ အဖမ်းခံရသော်လည်း ပုဂ္ဂိုလ်ရေး အငြှိုးမထားကြ၊။ ဦးကျော်ငြိမ်းကား တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များထဲတွင် ကျနော်အလေးစားဆုံးပုဂ္ဂိုလ် တစ်ဦး ပင်ဖြစ်သည်ဟု ဗိုလ်ရန်နိုင်က မှတ်တမ်းတင်ခဲ့သေးသည်။ (စာမျက်နှာ ၁၂၇)။

ဂျပန်ခေတ်က ဒေါက်တာဘမော်က အဓိပတိ။ ဦးကျော်ငြိမ်းက ကက်ဘိနက်အတွင်းဝန်။ ဒေါက်တာဘမော်က သူ့ရဲ့ သာမက်ဦးရဲထွန်းကိုပြောဖူးတယ်။ အောင်ဆန်း ၊ သန်းထွန်းနဲ့ ကျော်ငြိမ်း..တို့ (၃) ယောက်က အထက်ဆုံးတဲ့ ။ ဒါပေမဲ့ …သခင်သန်းထွန်းနဲ့ အတဲ့ဆုံး။ မျက်နှာလိုက်တယ်။ ဒါကြောင့် ဦးကျော်ငြိမ်းက အစာမကျေဖူး။ နောက်ဆုံးပြောင်းဖို့ကြိုးစားတော့ ၊ ဗိုလ်ချုပ်အောင်ဆန်းက ဦးကျော်ငြိမ်းကို ၀န်ကြီးပေးဖို့ ကက်ဘိနက်မှာ အဆိုပြုတော့ သခင်သန်းထွန်းက ကျုပ်ကန့်ကွက်တယ်ဆိုလို့ …. ဦးနုက သူ့ရဲ့ နိုင်ငံခြားရေးဌါနမှာ..ခေါ်ထားရတယ်။ ဒါလူမသိ ၊ သူမသိအတွင်းကြိပ်.. နိုင်ငံရေး.. အားပြိုင်နေကြတာ။

ဦးကျော်ငြိမ်းနဲ့ ဒေါက်တာဘမော် အစာမကျေကြတာလေးတွေရှိကြပေမဲ့ … ဗိုလ်ရန်နိုင်ဟာ … သူရဲကောင်း..ဆိုတာဟာ fact.. အဖြစ်မှန် ဆိုတာကိုလက်ခံရမှာပဲ။ သို့သော် ..မြန်မာစာရေးဆရာ ..ဘယ်နှစ်ယောက်က … ရွှေတောင်တိုက်ပွဲကို ..မှတ်တမ်းတင်ရေးကြသလဲ…မထင်မရှား..တစ်ယောက်စ..နှစ်ယောက်စ..  အနီစာရေးဆရာတွေက… သူတို့ကြီးတော်လင်…. တရုတ်ပြည်တွင်းစစ်က တရုတ်သူရဲကောင်းအကြောင်းတွေ အမွှမ်းတင်လိုက်ကြတာ .. ဘာသာပြန်လိုက်ကြရတာ။ တိုင်းပြည်အတွက် …အသက်ပေးသွားကြတဲ့ ဗမာသူရဲကောင်း ..၆၀..အကြောင်းတော့ ..သတိတောင်..မရ..ကြဖူး။ နောက်မှလူုဖြစ်ရတဲ့ လူငယ် ၊ လူရွယ် ၊ လူကြီး တွေ ရွှေတောင်တိုက်ပွဲအကြောင်း ၊ ကြားတောင်ကြားဖူးကြရဲ့လား။ ကံကောင်းချင်တော့ လူ့ဘောင်သစ်ဥက္ကဌ ကိုအောင်မိုးဇော်ရဲ့ အိမ်ကစာအုပ်စင်ကို မွှေရင်း ..Louis Allen ရေးတဲ့ ..The Longest War 1941-1945 ဆိုတဲ့ စာအုပ်ကိုရလိုက်တယ်။ ဒီမှာမှ စာမျက်နှာ ၆၂ -၆၃ မှာ အသေးစိပ်ရေးပြထားတယ်။

ဗိုလ်ရန်နိုင်နဲ့ BNA တပ်သား ၄၀၀ လောက်ဟာ အင်္ဂလိပ်တပ်တွေ ရွှေတောင်မြို့ က အဆုတ်ကို ပိတ်ဖို့ ဂျပန်တွေနဲ့ အတူ စောင့်နေခဲ့ကြတယ်။ ဂျပန်တွေကို Hirayama နဲ့ Ikeda စစ်ဗိုလ် (၂) ယောက်ကအုပ်ချုပ်တယ်။ ဗမာတွေက ပြည်လမ်းရဲ့ ဘယ်ဖက် ၊ ဂျပန်တွေက ညာဖက် မှာနေရာယူထားကြတယ်။ ကံကောင်းချင်တော့ ဂျပန်တွေလက်ထဲမှာ ရှိတဲ့ တစ်ခုထဲသော Anti-tank gun နဲထု လိုက်တာ အင်္ဂလိပ် တင့်ကားကို ထိမိပြီး အရေးကြီးတဲ့ တံထားကိုပိပ်မိနေတာကြောင့် ဘာမှရွှေ့လို့မရတော့ပါ။ အဲဒီအချိန်မှာ အင်္ဂလိပ် စစ်ဗိုလ်တစ်ယောက်နဲ့ အတူ ကုလားစစ်သား (၇၀) လောက် လက်မြှောက်ပြီး လက်နက်ချဖို့ ထွက် လာ ကြတယ်။ ဗိုလ်ရန်နိုင်နဲ့ Hirayama တို့က ဗမာတွေကို အပစ်ရပ်ဖို့ အမိန့်ပေးပြီး ကုလားစစ်သားတွေကိုလည်း လက်နက်တွေမြေပေါ်ချဖို့ အော်ပြောလိုက်တယ်။ အဲဒီလို လက်နက်ချဖို့ ငြှိနှိုင်းနေကြတုန်း အင်္ဂလိပ်ဖက် က ပစ်လိုက်တာ ဂျပန်ဗိုလ်နှစ်ယောက် ကျဆုံး သွားကြရတယ်။ ဗိုလ်ရန်နိုင်က ချက်ချင်း ပစ်မိန့်ပေးပြီး ကုလားတွေတစ်ယောက်မကျန် သေကုန်မှ ရပ်လိုက်ကြတယ်။ ဗိုလ်ရန်နိုင်က စဉ်းစားနေ ဖို့ အချိန်မရလိုက် ၊ ကျုပ်မျက်စိရှေ့မှာ အရင်အနှီးဆုံး လုပ်ဖေါ်ကိုင်ဖက် နှစ်ယောက် လဲသေနေတာတွေ့တော့လည်း ပိုစိတ်ဆိုးမိတယ်လို့ ဒေါက်တာဘမော် ကိုပြောတယ်လို့ စာရေးသူက ဖေါ်ပြထားတယ်။ အဲဒီတိုက်ပွဲမှာ ဗမာစစ်သား ၆၀ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြရတယ်။

ရာဇ၀င်သင်တာ..(မ..အ) ဖို့လား?

ရာဇ၀င်ဆရာကြီး..ဒေါက်တာသန်းထွန်းက ရာဇ၀င်သင်တာ (မ..အ) ရအောင်လို့ ဆိုခဲ့တယ်။
စာရေးသူက ..တဆင့်..ပို..လိုက်ချင်တယ်… (သင်)တာနဲ့ (လေ့လာ) တာမတူပါ။
(သင်) တာက သူတပါး ..စေခိုင်းလို့…. (လေ့လာ)တာက ..မိမိကိုယ်နှိုက်က..သိချင်လို့ ..စည်းပူးတာ….
ရာဇ၀င်..လေ့လာတာ…. သင်္ခန်းစာယူတတ်ပြီး ..နောက်ထပ်.(မမှား)..ရအောင်လို့…
ရှေကမှားခဲ့ကြတဲ့ အမှားကို (မမြင်) ကြရင် ..နောက်ထပ်..ထပ်မှားကြဦးမှာ .. စိုးလို့ပါ…
ဗမာစကားမှာ ..ရာဇ၀င်ဘီး..တပတ်လည်ပြန်ပြီ လို့ဆိုကြသလို…အင်္ဂလိပ်..စကားမှာလည်း… History Repeats itself ..ဆိုတဲ့စကားရှိပါတယ်။
ဒီလို..ထပ် (မမှား) ဖို့ရာ ..သင်္ခန်းစာ…ယူတတ်ကြရပါမယ်။ သင်္ခန်းစာယူတတ်ဖို့ရာ… သုံးသပ်ချက် ..Analysis မှန်ရပါမယ်။  သုံးသပ်ချက်မှန်ဖို့ရာ…အချက်အလက်..(မှန်)ရပါမယ်။
အချက်အလက်..(မှန်)..ဖို့ရာ..ရိုးသားဖြူစင်တဲ့ Honest ဖြစ်တဲ့ (အမြင်)..နဲ့ကြည့်နိုင်ရပါမယ်။

ကွန်မြူနစ်နဲ့ ၀ါဒဖြန့်ချည်ရေး

ပြဿနာက.. ကွန်မြူနစ်..ဆိုတာနဲ့ .. (၀ါဒ) အစွဲက..ကပ်ပါလာတယ်။ ဒီဝါဒ ..အစွဲကြောင့် … ကွန်မြူနစ်..ဆိုရင်..(အကောင်း) ဆိုတဲ့… တဖက်စောင်းနင်း..(အမြင်) က ကပ်ပါလာပြန်တယ်။ တခါ (တော်လှန်ရေးမှ) ဆိုတဲ့ စိတ်ဓါတ်ကို ဖြည့်စီးဖို့.. သူရဲကောင်း ရှာပုံတော် ဖွင့်..သူရဲကောင်းဋီကာချဲ့…တခြားသူတွေကို ရာဇ၀င်က ပယ်ဖျောက်ချင်တဲ့ ..စိတ်ဓါတ်..ရဲ့ လွှမ်းမိုးမှုက..ရုံးမထွက်..နိုင်ကြပြန်ဖူး
..ဒါကြောင့် ..ဗိုလ်နေ၀င်း…မိန်မပွေတာကြတော့ ..စာရိတ္တချို့ယွင်းတာ…. ဗိုလ်ဇေယျ..မိန်မကြိုက်တာကြတော့… ဗိုလ်ချုပ်ကျော်ဇော်လို ..သူရဲကောင်းကြီးကတောင်… မဆီမဆိုင် … အငြိမ့်သမကို ခါးဖက်လျက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ထိပ်တိုက်တွေ့တာကိုတောင် … ကာဆီးကာဆီး ဖေးဖေးမမ ..ကာကွယ်ပြီး..မိမိရဲ့အတ္ထုပ္ပတ္တိမှာ..ရေးပြရသေးတယ်။ ဗိုလ်ချုပ်ကျော်ဇော်လို အဆင့်မြင့်ဗိုလ်ချုပ် အဆင့် level မှာတောင်… Statesman အကျင့်ထက်..ကွန်မြူနစ်အကျင့်ကလွှမ်းမိုးနေသေးတော့..အောက်ခြေအဆင့်မှာတော့ ..ပြောစရာမလိုတော့ဖူးပေါ့… စိတ်မကောင်းစရာက..ဗိုလ်ချုပ်ကျော်ဇော်ရဲ့ .. အတ္ထုပ္ပတ္တိ ကို အသေအခြာလေ့လာကြည့်ရင် … ကွန်မြူနစ်ဆိုရင်အကောင်း.. ကွန်မြူနစ်မဟုတ်ရင်..မကောင်းရေးထားတာကိုတွေ့ရမယ် …objective မဖြစ်တာစိတ်မကောင်းစရာ….

စာရေးသူက ဗိုလ်ချုပ်ကျော်ဇော်ကို ကွန်မြူနစ်သက်သက်လို့မမြင်ချင် …. တော်လှန်ရေးသမားလို့သာ..မြင်ချင်တယ်။ ဒါကြောင့် သေခြာတဲ့.. အချက်အလက်ကိုသာအခြေပြုတဲ့.. Academic level အဆင့်မှီဖြစ်စေချင်တယ်။ ပိုဆိုးတာက ..အတန်းစာတောင် ..မပြီးတဲ့..အဆင့်မရှိတဲ့..သူတွေက.. ကွန်မြူနစ်မျက်စိနဲ့ … ၀ါဒဖြန်ချီရေးသက်သက်..ရာဇ၀င်အချက်အလက်ကို ..မိမိအထင်နဲ့ ..ပြောင်းရေးပြီး.. ဗိုလ်ချုပ်ကျော်ဇော်ရဲ့ .. အတ္ထုပ္ပတ္တိ..ကိုညွှန်းပါတယ်တယ်ဆိုတော့ … အလကားနေရင်း…ချီးအပေခံရရှာတယ် …

စစ်တပ်ရဲ့ အစ….

စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့  … ရဲဘော် (၃)ကျိပ်က စ တာဆိုတော့ ..အစ.ရဲ့..အစ..ဖြစ်တဲ့ … ရဲဘော်သုံးကျိပ်ကိုလွှတ်ရာမှာ တာဝန်ယူရတဲ့ ..ပြည်သူ့အရေးတော်ပုံ..ပါတီကို ..စကြည့်ရအောင်။

အဲဒီအချိန်က..ကွန်မြူနစ်တွေရဲ့ဘုရားက ..သခင်စိုး..ကွန်မြူနစ်ကျမ်းကြီးကျမ်းငယ်တွေကို ဗမာမှုပြုပြီး ..ဧရာမ..စကားလုံးကြီးတွေနဲ့..ကွန်မြူနစ်စနစ်ကို .. ကြွေးကျော်နေတာက .. သခင်စိုး… သခင်စိုးရဲ့..ဘုရားက..စတာလင်.. စတာလင်က ကိုလိုနီ ..အရင်းရှင်..တွေနဲ့ပေါင်းပြီး.. ဖက်စစ်ဂျာမနီကို..တိုက်နေရတာ။ ဒါကြောင့်သခင်စိုးကြီးက … ဖက်စစ်နဲ့..မပေါင်းနိုင်… အင်းစိန်ထောင်မှာ ရေးတာမို့..အင်းစိန်စာတမ်းလို့ နမည်ကျော်တဲ့..စာတမ်းမှာ ..အတိအကျ..ဆိုထားပြီးသား..အဲဒီအချိန်မှာ ..သခင်အောင်ဆန်းကို ၀ရမ်းထုတ်တော့.. ငါတော့အဖမ်းမခံနိုင်ဖူး. .နိုင်ငံခြားထွက်ပြီး… အကူရှာမယ်လို့.. ဆိုလာတော့ ..သခင်အောင်ဆန်းရဲ့ ..တက္ကသိုလ်သမဂ္ဂကရဲဘော်..တွေကမဖြစ်ချေဖူး..ဆိုပြီး… သခင်မြကိုဦးတည်ထားပြီး…. မြေအောက်အဖွဲ့ (UG) အဖွဲ့ကိုစထောင်ကြရတာ။

လွပ်လပ်ရေး လှုပ်ရှားမှုကိုခေါင်းဆောင်ကြတဲ့ ခေါင်းဆောင်တွေဟာ အဖွဲ့ နှစ်ဖွဲ့က လာကြတယ်။ ကျောင်းသားသမဂ္ဂ နဲ့ တို့ဗမာအစည်းအရုံး။ ၀ါဒအားဖြင့်..ကွန်မြူနစ်စနစ်..နဲ့ ..ဆိုရှယ်လစ်စနစ်ကို ယုံကြည်ကြသူတွေဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားခေါင်းဆောင်ဘ၀ ကနေနိုင်ငံရေးကို ခြေစုံပစ်ဝင်မယ်ဆိုတော့ တို့ဗမာအစည်းအရုံးထဲကို ၀င်ပြီး မကြာခင်မှာ အထွေထွေအတွင်းရေးမှူး ဖြစ်လာရတယ်။ ဗါးလမ်းမှာ ကွန်မြူနစ်ဆဲလ် စဖွဲ့ကြပြီးတော့ သိပ်မကြာလိုက်ဖူး … သခင်စိုး ၊ သခင်သန်းထွန်း ..သခင်နု ..စတဲ့ ..ထို့ဗမာအစည်းအရုံးက ခေါင်းဆောင်တွေကို ..အင်္ဂလိပ်က ထောင်ထဲ ဆွဲထဲ့ထားတာမို့ .. ဘာမှ ..အလုပ်မဖြစ်တော့.. သခင်အောင်ဆန်း..အပြင်မှာရှိပေလို့သာပေါ့။

ပြည်တွင်းသူပုန် ၊ ယူဂျီဆိုပြီး စဖွဲ့တဲ့ အဖွဲ့မှာခေါင်းဆောင်တာက ကျောင်းသာသမဂ္ဂကခေါင်းဆောင်အများစု..သခင်မြကိုခေါင်းဆောင်တင်ပြီး ..စလှုပ်ရှားကြရတာ။ ကိုဗဆွေ ၊ ကိုကျော်ငြိမ်း ၊ သခင်ဗဟိန်း ၊ ကိုလှဖေ (ဗိုလ်လက်ျာ) ၊ ကို လှမောင် (ဗိုလ်ဇေယျ) ၊ ကိုလှမောင် (မိတ္ထီလာ) ၊ ကိုထွန်းတင် ၊ ကိုထွန်းရွှေ (နဂါးနီ) စတဲ့ တဒါဇင်လောက်ရှိတဲ့ သမဂ္ဂက ကျောက်းသားတွေဟာအများစုပဲ။ ဒီမှာ ထူးခြားတဲ့..အပြင်လူ စပါလာတာက .. သခင်ချစ်။ သခင်ချစ်က ရေကျော်သမ၀ါယမက။ တက္ကသိုလ်သမ၀ါယမ က ကို ထွန်းအုံ ကတက္ကသိုလ်ကျောင်းသားတွေနဲ့ အတူပေါင်းလုပ်နေပြီ။ ကိုထွန်းအုံက တဆင့် သခင်ချစ်နဲ့ ကိုကျော်ငြိမ်းတို့ ချိပ်မိသွားပြီး သခင်ချစ်က ယူဂျီအဖွဲ့မှာပါလာတာ။

ဗိုလ်ချုပ်အောင်ဆန်း ကိုလွှတ်ဖို့..တာဝန်ခွဲကြတော့..သခင်လှဖေ (ဗိုလ်လက်ျာ) ကတာဝန်ကျတယ်။ ဒါကြောင့်သင်္ဘောတင်တာကအစ … သခင်လှဖေကတာဝန်ယူရတယ်။ သခင်အောင်ဆန်း ဂျပန်တွေနဲ့ အဆက်အသွယ်ရပြီး ရုပ်ဖျက်ပြီးပြန်လာတော့ ..စစ်သင်တန်းတက်ဖို့ရွေးရာမှာ အားလုံးပါပါစေဆိုပြီး တောင်းဆိုတာနဲ့ အားလုံးပါအောင်အစည်းအဝေးးခေါ်ရတာ။

စာဖတ်သူ..လူငယ်လေးတွေကို..သတိပြုစေချင်တာက …. ထိုစဉ်က သခင်အောင်ဆန်းဟာ (၂၀) ကျော်..အသက်အားဖြင့်..နုနယ်တဲ့ ..အရွယ်သာရှိသေးပေမဲ့.. စေတနာက ..တိုင်းပြည်အတွက် … ဆိုတာ ကိုသာ ရှေ့ရှု .. ရှေ့တန်းတင်ထားတော့ … ကျောင်းသားမှရယ် ..သခင်မှရယ်… ကွန်မြူနစ်ရယ်..ဆိုရှယ်လစ်ရယ်..မရှိဘူး။ (ဗမာနိုင်ငံသားလား) (လွပ်လပ်ချင်သလား) (တိုင်းပြည်အတွက်လား) ..ဒါပဲရှိတယ် ..တိုင်းပြည်အတွက်..အတော်ဆုံးလူုတွေပဲ..လိုချင်တယ်.. အားလုံးကို ပါစေချင်တဲ့စေတနာက အပြည့်။ အတုယူကြစေချင်တယ်။ သခင်အောင်ဆန်းရဲ့ စိတ်ဓါတ်ဟာ သိပ်မြင့်မြတ်တယ်။ နိုင်ငံရေးအားဖြင့် ..ရင့်ကျက်နေပြီ… ကွန်မြူနစ်တွေ က..အဲဒီကတည်းက …ကွန်မြူနစ်မှ..ပစ္စည်းမဲ့မှ.. ငါ့လူမှ… ဖြစ်နေပြီ …. Inclusive နဲ့ Exclusive စိတ်ဓါတ်..သိပ်ကွာတယ်။

ဂျပန်ကိုအဆက်အသွယ်ရတာ … ဒေါက်တာဘာမော်ရဲ့ဓမ္မပါတီနဲ့လည်း သက်ဆိုင်နေတယ်။ သခင်အောင်ဆန်းတို့ အမွိုင် (Amoy) မှာသောင်တင်နေတော့ ဒေါက်တာသိန်းမောင် ကတဆင့် ဂျပန်ကို သခင်အောင်ဆန်းနဲ့ သခင်လှမြိုင် တို့ဓါတ်ပုံကို ပေးပြီးအကူအညီတောင်းခဲ့ကြရတာ။ ဒါကြောင့် ဒေါက်တာဘမော်ရဲ့..ကိုယ်စလှယ်တစ်ယောက်လည်း.လူရွေးကြတဲ့ ..အစည်းအဝေးမှာဖိတ်ရတယ်။ တော်လှန်ဖို့ ကြံဆောင်နေကြတဲ့ တော်လှန်ရေးသမားတွေက (၂၀) ကျော်လူငယ်လေးတွေ.. တုံးတိုက်တိုက်..ကျားကိုက်ကိုက်ဆိုတဲ့..လူငယ်တွေ..ဒေါက်တာဘမော်ရဲ့..ကိုယ်စလှယ်က အသက် (၅၀) ကျော်။ ဒါကြောင့်..အစိုးရိမ်ကြီးတယ်.. မအောင်မြင်ရင် ..ပြေးဖို့..လေယဉ်ရှိရဲ့လားလို့…မေးလာတယ်။..နောက်အစည်းအဝေးတွေလည်း..မတက်တော့ … ဒါကြောင့်..ရဲဘော် ၃ ကျိပ်မှာ ..ဒေါက်တာဘမော် လူတွေ..မပါရတာပါလို့.ဦးကျော်ငြိမ်းက ..သူ့မှတ်တမ်းမှာရှင်းပြသွားပါတယ်။

သခင်အောင်ဆန်းဟာ တို့ဗမာအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ၊ သခင်ကိုယ်တော်မှိုင်း ဖက်ကလူ။ သို့သော်..သခင်ဗစိန် ၊ သခင်ထွန်းအုပ် ဖက်ကို ချန်မထားဖူး။ မျှတမှုရှိတာကိုလည်း ..စာဖတ်သူ..လူငယ်လေးတွေကို.. သတိရှိစေချင်တယ်။

လူရွေးဖို့ ..စည်းဝေးကြတော့ …. သခင်လှဖေ (ဗိုလ်လက်ျာ) က ငါလိုက်မယ်လို့.. ဆိုလာတယ်။ သခင်ဗဟိန်းက ကိုကျော်ငြိမ်း ခင်ဗျားလိုက်သွားပါလားလို့..အဆိုပြုလာတယ်။ ကိုကျော်ငြိမ်းက ဒါငါ့ကို. နှင်ထုတ်တာပဲလို့ ..သံသယ ..ဖြစ်တယ်။ ..နောက် မကြာခင်မှာပဲ .ဆက်ပြီး ..သခင်ဗဟိန်းက .. ကိုကျော်ငြိမ်း..ဘယ်တော့သွားမှာလဲလို့..မေးလာတော့..သေချာပြီ… ဆိုပြီး… မသွားဖို့…ဆုံးဖြတ်လိုက်တယ်။ ဒါအဖွဲ့အစည်း တိုင်းမှာတွေ့ရမဲ့ factional politics ရဲ့ nuances လေးတွေဆိုတာကို လူငယ်လေးတွေကိုသိစေချင်တာပါ။ ရှောင်လို့မရပါ။

ယူဂျီအဖွဲ့ရဲ့ အစီအစဉ်က .. ဂျပန်ဝင်ရင် သခင်မြကိုခေါင်းဆောင်တင်ဖို့ (ဂျပန်ကဒေါက်တာဗမော်ကိုရွေးတာ)။ ဒါကြောင့်သခင်မြက မော်လမြိုင်ကိုကြိုသွားနှင့်တယ်။ ကိုဗဆွေ က တာဝန်နဲ့ သူ့ဇာတိ ထားဝယ်ဖက်သွားပြီး ဗိုလ်အောင်ဆန်း တို့ကိုကြိုဖို့သွားနှင့်တယ်။ ကိုလှမောင် (မိတ္ထီလာ)လည်းပါသွားတယ်။ ဒါကြောင့် ရန်ကုန်မှာ အဓိကကျတဲ့ ခေါင်းဆောင်အနေနဲ့ ကိုကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ကျန်ရစ်တယ်။ ကိုကျော်ငြိမ်းက နေ့အချိန်မှာ Custom ဌါနမှာ ရာဖြတ်အရာအရှိအဖြစ် အလုပ်..လုပ်ပြီး..ညကြမှာ ..ယူဂျီခေါင်းဆောင် အဖြစ်တာဝန်ယူရတာ။ နောက်တချက်က ..သခင်ချစ်က မွေးရာပါမြေအောက်တော်လှန်ရေးသမား လျှိ့ဝှက်လုပ်ငန်းကိုကျွမ်းးတယ်။..သူက operation နိုင်တယ်။ အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်တဲ့ ခေါင်းဆောင်က vision ရှိရမယ်။ အောက်ခြေ base ကိုနားလည်ရမယ်။ ထောက်ခံမှုရအောင် policy ချနိုင်ရမယ်။ ဗျူဟာချနိုင်ရမယ်…. ဒါတွေဖေါ်ဆောင်ဖို့ ..အားကိုးနိုင်တဲ့ operation သမားလည်းလိုတယ်… ဗိုလ်ချုပ်အောင်ဆန်းတို့ ..သခင်သန်းထွန်းတို့ ..ကိုကျော်ငြိမ်းတို့.. ကဦးဆောင်နိုင်တယ်။ ဒါကြောင့် ဖဆပလ ၊ စစ်တပ် ၊ ပြည်သူ့ရဲဘော် ၊ တို့ကို သခင်အောင်ဆန်းက ဦးဆောင်ပြီး ၊ သခင်သန်းထွန်းက ကွန်မြူနစ်ပါတီ ၊ ကိုကျော်ငြိမ်းက ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် တွေလာဖြစ်ကြတာ။

သို့သော် သခင်ချစ်က အလွန်အားကိုးရတဲ့ operation သမား။ ရွေးထားတဲ့ လူတွေက သင်္ဘောအလာကိုစောင့်နေရတာ။ ဂျပန်က အချက်ပေးလိုက်မှ … ချက်ချင်းသဘောင်္တင်ရတာ။ ဂျပန်တွေဆက်သွယ် တာက ဗိုလ်ချုပ်ဈေးက သမ၀ါယမဆိုင်။ ဌါနချုပ်မှာရှိနေတာက သခင်ချစ်။ သခင်ချစ်က ရွေးထားတဲ့..လူတွေအစား ..နီးစပ်တဲ့ လူတွေကို ဆွဲထဲ့လိုက်နိုင်တယ်။ ဒါကြောင့် နောင်ပြန်တွေ့ကြတော့ သခင်အောင်ဆန်းက ကိုကျော်ငြိမ်းကို ပညာတတ်တွေ ရှိလျက်နဲ့ ဘာကြောင့် မင်း သခင်ချစ်ဗိုလ်ကျ တာကိုခံရတာလဲ..ဆိုပြီး အပြစ်တင်..လာတယ်။ ဒီမှာလည်း … ပညာတတ် သခင်အောင်ဆန်းက တိုင်းပြည်အတွက်.. အကောင်းဆုံး..ဖြစ်အောင်..ပညာတတ်တွေ..များများပါစေချင်တယ်။ သခင်ချစ်က နီးစပ်တဲ့သူ ဆွဲထဲ့လိုက်ချင်တယ်။ ဒါဟာလည်း..တနည်းအားဖြင့်..capacity ကွာတာပဲ ..ဆိုတာကို သတိပြုစေချင်တယ်။

ဒီနေရာမှာ ဖြတ်ပြီး Dynamics ကိုနဲနဲတင်ပြချင်တယ်။

ကိုကျော်ငြိမ်းဟာ သခင်ချစ်ကိုအင်မတန်ခင်တယ်။ အားကိုးရတာလည်းပါတယ်။ ဂျပန်တွေစီက ရတဲ့ ပိုက်စံနဲ့ တာဝန်ခွဲဝေတာ ၊ လူစုတာ ၊ လူခွဲတာ ၊ safe house တွေစီစဉ်တာတွေ ..အားလုံး သခင်ချစ်စီစဉ်တာပဲ။ ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်ပါတီဖွဲ့တော့ မှ.. သခင်ချစ်..ကွန်မြူနစ်ဖက်ပါသွားတော့ ..ဦးကျော်ငြိမ်းအတော်စိတ်ထိခိုက်တယ်။ ကွန်မြူနစ်တွေ..သူပုန်ုထတော့ ..သခင်ချစ်က .. ဗကပ ကွန်မြူနစ်တွေရဲ့ UG ယူဂျီဖခင်ကြီးလာဖြစ်တယ်။ ဦးကျော်ငြိမ်းက ပြည်ထဲရေးဝန်ကြီး။ ဟိုတုန်း က MI ဆိုတာက လူသိတာမဟုတ်။ ထောက်လှမ်းရေးဆိုတာက ပုလိပ်လက်ထဲမှာပဲ။ CID ၊ SB တွေဟာ ပြည်ထဲရေးဌါနအောက်မှာ။ ယူဂျီကာလမှာ အစွမ်းထက်တဲ့နောက်တစ်ယောက် က ရန်ုကန်ဘဆွေ။ ရန်ကုန်ဘဆွေ နဲ့ သခင်ချစ်တို့လည်း ခင်ကြတယ်။ သခင်ချစ် ရန်ကုန်လာရင် … ရန်ကုန်ဘဆွေနဲ့ တိပ်တိပ်တွေ့တယ်။ ရန်ကုန်ဘဆွေက လည်း ဦးကျော်ငြိမ်းကို အားလုံးသတင်းပြန်ပို့နေကြ။ ဖမ်းချင်ရင်..အကွက်ဆင်ဖမ်းမှာပေါ့။ တော်လှန်ရေးသစ္စာရှိကြတယ်။ မဖမ်းဖူး။ နိုင်ငံရေးမှာ အားလုံးဟာ..အဖြူအမဲ ..မဟုတ်ဖူး.. back Channel ရှိကြတာကိုသိစေချင်တဲ့ စေတနာပါ။ သခင်ချစ်ကလည်း..သူ့ PB ကိုပြန်သတင်းပို့မှာသေခြာတာပေါ့။ အစိုးရ..နဲ့ သူပုန် ယူဂျီဖခင်..သူ့နည်းသူ့ဟန်..နဲ့ ..အကွက်လေးတွေရှိကြ တယ်..အချိပ်အဆက်ကလေးတွေရှိကြတယ်။

နိုင်ငံရေးဆိုတာ ရိုးရိုးမျဉ်းဖြောင့်..မဟုတ်ဖူး … ဦးကျော်ငြိမ်းနဲ့ back channel ရှိတာနဲ့ သခင်ချစ် ကိုအထင်မှားရမှာလား။ နိုင်ငံရေးဆိုတာ လိုအပ်ရင် ရန်သူ့မျက်ခုံးအပေါ်ဇင်းဂျန်လျှေက်နိုင်ရမယ်။ သခင်သန်းထွန်းလည်း ဒီလိုပြောခဲ့တာပဲ ..မဟုတ်လား…. ဒို့အရေး..အော်တတ်ရုံနဲ့..နိုင်ငံရေး..မပီပြင်နိုင်ပါ။

နောက်အရေးကြီးတဲ့ အချက်ကို လူငယ်လေးတွေကို သတိပြုစေချင်တယ်။ ယူဂျီလုပ်ဖို့..ကြောဒေါက်နောက်ခံလိုတယ်။ ပြည်သူ့အရေးတော်ပုံပါတီ လုပ်နိုင်တာ ..ဂျပန်ရှိလို့..ဗကပ ကွန်မြူနစ်တွေ လုပ်နိုင်တာ တရုတ်ကြီးရှိလို့။ network ကွန်ယက်တည်ဆောက်ဖို့ .. drop zone တည်ဆောက်ဖို့ ..shadow ကို အမြစ်ဖြတ်ပို့..safe house တွေထားနိုင်ဖို့… communications အတွက်အားလုံး ..ငွေလိုတယ်.. training လိုတယ်။ ခေတ်မှီ technique တွေကို သိဖို့လိုတယ်။ ဗကပတွေ ဆက်သွယ်တဲ့ Micro-fiche တွေ ..ဆက်သွယ်ရေးဆက်တွေ ..တရုတ်ကြီးက ..ပန့်ပိုးထားတာ …. တရုတ်ကြီးလည်း ထောက်ပံ့မှု ဖြတ်လိုက် ရော ..ဗကပလည်းပျက် …ဗကပ တဖြစ်လဲ ..နစ်ဖြူယူဂျီပါတီ..ဆိုတာ … မြေကြွက်ကြီးတွေလို … အနှစ် ၂၀ ကျော် မြေကြီးထဲက ပြန်မတက် ..နိုင်တော့… ရာသက်ပန် Underground ပါတီဖြစ်သွားရပြီ။ စိတ်ကူးယဉ် နိုင်ငံရေးနဲ့ … လက်တွေ့နိုင်ငံရေး..ကွာတယ်နော်… Logistic မနိုင်လို့မရ။ ယနေ့ အိုင်တီခေတ်ကြီးမှာ Mobile တယ်လီဖုန်းကို track လုပ်တာ နည်းမျိုးစုံရှိပါတယ်။

ပြည်တွင်းသူပုန်ပါတီ ၊ ယူဂျီ.ဆိုပြီး ..ဖွဲ့ကြတော့ .. Unit ယူနစ်..ဆိုတာကိုသုံးကြတယ်။ ဒါကိုကျော်ငြိမ်းရဲ့ idea လို့သခင်တင်မြက Northern Star မှာရေးလာတယ်။ ခေါင်းဆောင်တစ်ယောက်က ကိုယ့်ယူနစ်..ကိုယ်ဖွဲ့..တခြားလူ..မသိစေရ… ခုခေတ်မှာတော့..ဆဲလ် (cell) လို့ခေါ်သလိုပေါ့။ ယူနစ်တစ်ခုမှာ (၅)ယောက်ထက်မပို။ နောက်တဆင့် .. တစ်ယောက် စီယူနစ်တွေဖွဲ့ ၊ ဦးဆောင်ကြပေါ့

ယူဂျီပါတီဌါနချုပ်မှာ…..

ကိုအောင်ကြီး..နောင်ဗိုလ်မှူးချုပ် က စစ်ရုံးမှာစာရေး… ကိုကျော်ငြိမ်းက စည်းရုံးထားပြီး… အင်္ဂလိပ်တွေရဲ့ တပ်ရွေ့ရှားမှု ကို စောင့်ကြည့်နေကြရတယ်။ ဆေးကျောင်းသားကိုမောင်မောင်က သမဂ္ဂသံမဏိတပ်ခေါင်းဆောင်ဟောင်း… အင်္ဂလိပ်စစ်တပ်က manual ကြီးကိုဖတ်ပြီး ကျန်တဲ့သူတွေကို စစ်သင်တန်းပေးနေတာ။ ဦးကျော်ငြိမ်းအင်မတန်ခင်တာက …. အင်ဂျင်နီယာ ကျောင်းသား ကိုသိမ်းမောင်။ နောင်ဗိုလ်မှူးကြီးဖြစ်လာတဲ့ BEME သိမ်းမောင်။

ဗမာပြည်မြောက်ပိုင်း ယူဂျီခေါင်းဆောင်က ကျောင်းဆရာ ကိုခင်မောင်ကလေး။ နောက် သခင်သိန်းဖေ (မြင့်) နဲ့ အားဖြည့်ခဲ့ကြတယ်။

ယူဂျီပါတီမှာ ….

ပထမ ယူဂျီပါတီမှာ … စနစ်တကျမရှိလှ။ မြေအောက်အဖွဲ့ ဖြစ်တာမို့ … နီးစပ်ရာစည်းရုံပြီး .. ယူနစ်တွေဖွဲ့ကြရသည်။ သခင်အောင်ဆန်းပြန်လာမှ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေကို သခင်ချစ်စီစဉ်ပေးတဲ့.. သင်္ကန်းကျွန်းက safe house မှာ People Revolution Party (PRP) ပြည်သူ့အရေးတော်ပုန်ပါတီလို့ နံမည်ပြောင်းလာတဲ့ ယူဂျီ ခေါင်းဆောင်တွေ တိုင်းပြည်လွပ်မြောက်ရေးအတွက် စည်းဝေးကြမှ အဖွဲ့ချုပ် တာဝန်ခံတွေကို ဖွဲ့ကြရတာပါ။ PRP ကိုလည်း (ပြည်တွင်းအဖွဲ့) နဲ့ (အဝေးရောက်အဖွဲ့) ဆိုပြီး နှစ်ဖွဲ့ခွဲ..လိုက်တယ်။ အဝေးရောက်အဖွဲ့ကို သခင်အောင်ဆန်းကို ဦးဆောင်စေ၍ ပြည်တွင်းအဖွဲ့ကို သခင်မြက ခေါင်းဆောင်သည်။ ပြည်တွင်းအဖွဲ့ရဲ့ ဌါနချုပ်တာဝန်ခံ အမှုဆောင်အဖွဲ့မှာ ….

                                                သခင်မြ          ဥက္ကဌ
                                                သခင်ချစ်        အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးဌါနမှူး
                                                ကိုဗဆွေ         စစ်ရေးဌါန နှင့် စည်းရုံးရေးဌါမှူး
                                                ကိုကျော်ငြိမ်း    နိုင်ငံခြားဆက်သွယ်ရေး နဲ့ ထောက်လှမ်းရေးဌါနမှူး
                                                သခင်ဗဟိန်း     ၀ါဒဖြန့်ချီရေးဌါနမှူး

စစ်ရေးအဖွဲ့ကို ကိုဗဆွေကခေါင်းဆောင်၍ အဖွဲ့ဝင်များအဖြစ် …
                                                ကိုမောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း)
                                                ကိုအောင်ကြီး  (ဗိုလ်မှူးချုပ်ဟောင်း)
                                                ကိုဘဇံ (ဗိုလ်မှူးကြီးဟောင်းဝင်း - မဆလခေတ် ဒုဝန်ကြီး)
                                                ဆရာလှမောင် (ဒုဗိုလ်မှူးကြီး ဟောင်း)
                                                ကိုအောင်ရွှေ (ဗိုလ်မှူးချုပ်ဟောင်း - NLD ဥက္ကဌဟောင်း)
                                                ကိုညို (ခ) ဗိုလ်သူရ (ကွယ်လွန်)
                                                နဂါးနီ ကိုထွန်းရွှေ
                                                ကိုချစ်မြိုင် (ဗိုလ်မှူးကြီးဟောင်း)

ထောက်လှမ်းရေးအဖွဲ့ကို ကိုကျော်ငြိမ်းက ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် ….
                                                ကိုအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)
                                                သခင်စံဝေ (ကွယ်လွန်)
                                                ကိုရှိန်း ((ဗိုလ်မှူးကြီးဟောင်း)

ဝါဒဖြန့်ချီရေးအဖွဲ့ကို ကိုဗဟိန်းက ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် …
                                                သခင်တင်မြ
                                                ကိုသက်တင် (ကျောက်ဆည်)
                                                ကိုသန်းနိုင် (ကိုဗဟိန်း၏ညီ)
                                                သခင်သန်းဖေ (ဖြူး - ကွယ်လွန်)
                                                သခင်တင်ထွန်း (ပျဉ်းမနား - ကွယ်လွန်)
                                                သခင်အောင်ကြီး (ကွယ်လွန်)

(မှတ်ချက် - ပြည်သူ့အရေးတော်ပုန်ပါတီ နှင့် ပတ်သက်လျှင် အပြည်စုံဆုံး စာတမ်းတစ်ခုမှာ ၀န်ကြီးချုပ်ဟောင်း ဦးဘဆွေ၏သား နေညွန့်ဗဆွေ ၎င်း၏ မဟာဝိဇ္ဖာဘွဲ့ အတွက် ၁၉၈၄ ခုနှစ်ကပြုစုသော ပြည်သူ့အရေးတော်ပုံပါတီ (၁၉၃၉ - ၁၉၄၆) စာတမ်းဖြစ်ပါသည်။ ဒုတိယမှာ ဦးကျော်ငြိမ်း၏ ကိုယ်တွေ့မှတ်တမ်းတွင် ပြည်တွင်းသူပုန် အကြောင်းကို အပိုင်းတစ်ပိုင်းအဖြစ်ဖေါ်ပြခဲ့သည်။ ဦးကျော်ငြိမ်းသည် dynamics နှင့် ပါဝင်ခဲ့သူများကို အရေးပေး မှတ်တမ်း တင်ခဲ့သည်။ ဦးနေညွန့်ဗဆွေသည် က Structure ဖွဲ့စည်းပုံ နှင့်ဖြစ်စဉ်ကို အရေးပေးထားသည်။ ထို့ပြင် ၎င်း၏ဖခင် ၊ ဦးဗဆွေကို ကိုယ်တိုင် Interview လုပ်နိုင်ခဲ့သလို ..ဦးကျော်ငြိမ်းအပါအ၀င် ပါဝင်လှုပ်ရှားခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များကို Interview လုပ်နိုင်ခဲ့သဖြင့်ပြည်စုံ သလောက်ပြည့်စုံသည်ဟု ဆိုရပါမည်။ သခင်တင်မြ ၏ ဘုံဘ၀မှာဖြင့် ..ဗိုလ်ချုပ်မောင်မောင် ၏ Master Thesis အတွက် ANU (Australian National University) တွင်ရေးခဲ့သော Burmese Nationalist Movements 1940-1948 စာအုပ် တို့တွင်လည်း PRP အကြောင်း ..တပိုင်းတဆ ပါဝင်ခဲ့ပါသည်။

စာရေးသူ ထောင်မှလွပ်လာအပြီး ၁၉၈၀ ခုနှစ်များအစ တွင်ထင်ပါသည် … ဗိုလ်ချုပ်နေ၀င်းက ကိုကျော်ငြိမ်းကို သွားမေးကြ သူအသိဆုံး ဆို၍ ရန်ကုန်တက္ကသိုလ်ကော်လိပ် ရာဇ၀င်ဌါန မှ..သုတေသီ ..ပညာရှင်များ လာရောက် မေးမြန်း..မှတ်တမ်းတင်ထားတာလည်းရှိပါသည်။ စာရေးသူ မဖတ်ရသေးပါ။

Public Sphere မှာမရှိတဲ့ အရေးကြီးတဲ့ စာတမ်းတစ်ဆောင်ရှိပါသေးတယ်။ “History of BRP” လို့ခေါ်ပါတယ်။ ပြည်သူ့အရေးတော်ပုံပါတီကို တချို့က People Revolution Party, PRP လို့ခေါ်ကြ၍ တချို့က ရှေ့မှာ Burma တပ်၍ BRP လို့ခေါ်ကြပါတယ်။ PRP ခေါင်းဆောင်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင် -  ဦးကျော်ငြိမ်း - ဗိုလ်မှူးကြီးဟောင်းသိမ်းမောင် - ဗိုလ်မှူးကြီးဟောင်းဝင်း တို့ရဲ့မှတ်သား ချက် များကို ဗိုလ်မှူးချုပ်တင်ဦး နဲ ဗိုလ်မှူးကြီးဘိုနီတို့ က ဦးနေ၀င်းအပါအ၀င်တခြားသူုများကို မေးမြန်း၍ ပေါင်းစပ်ထားသောစာတမ်းဖြစ်သည်။ ဗိုလ်ချုပ်မောင်မောင်၏ စာအုပ်တွင် အညွှန်းအဖြစ် ဖေါ်ပြထားသည်။

ဦးနေညွန့်ဗဆွေသည် ယ္ခု မြန်မာနိုင်ငံတွင် ..ရာဇ၀ ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ စာရေးသူတွင်ရှိသော copy မှာ မြောင်မြဗဆွေမှ တဆင့် ရသော သခင်တင်မြ၏ copy ဖြစ်ပါသည်။ ဦးနေညွန့်ဗဆွေက ကိုသက်တင် (ကျောက်ဆည်) ဟုရေးသားထားပါသည်။ သခင်တင်မြက ကိုသက်တင် (ချောင်းဦး) ဟု ပြင်ထားပါသည်။ သခင်အောင်ကြီးမှာလည်း စက်ဆန်းသခင်အောင်ကြီး .. ခင်မင်သူများက (ကြပ်အောင်ကြီး) ဟုခေါ်ကြသည်ဟု ဖြည့်စွက်ထားပါသည်။)

ပြည်တွင်းသူပုန် နှင့် ရဲဘော်သုံးကျိပ်ဝင် စတွေ့ကြတော့

ရဲဘ်ာသုံးကျိပ်ဝင်တွေ တာဝန်ခွဲကြတော့ ဗိုလ်နေ၀င်း ကပြည်တွင်းဝင်ပြီး ပြည်တွင်းသူပုန်ကို လှုံ့ဆော်ထကြွနိုင်အောင်ကူဖို့ တာဝန်ကျတယ်။ ဗိုလ်နေ၀င်း ၊ ဗိုလ်တာရာ ၊ ဗိုလ်လင်းယုန် ၊ ဗိုလ်မိုးညိုတို့ ကို ပြည်တွင်းဖေါက်ခွဲရေးအတွက် ဂျပန်တွေက အလေးပေးသင်ကြားပေးခဲ့ကြတယ်။ ဗိုလ်တာရာက ပျဉ်းမနား ၊ ဗိုလ်မိုးညိုက ပဲခူး ၊ ဗိုလ်လင်းယုန်ကပြည် ၊ တာဝန်ကျရာစီသို့ အသီးသီးစေလွှတ်ပြီး ဗိုလ်နေ၀င်း ရန်ကုန်ကိုရောက်လာခဲ့တယ်။ ဒေါက်တာမောင်မောင်ရဲ့ ဗမာနိုင်ငံနဲ့ဗိုလ်ချုပ်နေ၀င်း စာအုပ်ရဲ့ စာမျက်နှာ (၁၀၃) မှာ ရေးထားတာက “ဗိုလ်နေ၀င်းရှာတဲ့ နောက်တစ်ယောက် မှာ ကိုကျော်ငြိမ်း ဖြစ်တယ်။ ကိုကျော်ငြိမ်းဟာ Custom ဌါနမှာ ရာဖြတ်အဖြစ်လုပ်နေတဲ့ BRP ရဲ့စည်းရုံးရေးမှူုးဖြစ်တယ်“ လို့ရေးပြထားတယ်။ ဦးကျော်ငြိမ်းရဲ့မှတ်တမ်းမှာရေးပြထဲ့တာကတော့ ဗိုလ်အောင်ဆန်းက ကိုကျော်ငြိမ်းကို သွားတွေဆိုလို့ လာခဲ့တာလို ဆိုတာကြောင့် လာခဲ့တာလို့ ဗိုလ်နေ၀င်းက မိတ်ဆက်လာတယ်။ မိမိထက်အရပ်ရှည်တဲ့ ဗိုလ်နေ၀င်းကို စက်ဘီးပေါ်မှာတင်ပြီး မနိုင်မနင်းနဲ့ ပြည်သူ့အရေးတော်ပုံပါတီဌါနချုပ်ကို ခေါ်ခဲ့ရတယ်လို့ ဆိုတယ်။ ဌါနချုပ်ရောက်တော့မှ လူစုံနဲ့တွေ့ကြရပြီး …. ဖျောက်တစ်ချောင်း ၊ အင်္ဂလိပ်စစ်တပ်က ခိုးလာတဲ့ အင်္ဂလိပ်စစ် manual ကြီးနဲ့ စစ်သင်တန်းပေးနေတဲ့ ဆေးကျောင်းသား ၊ ကျောင်းသား သံမဏိတပ်ခေါင်းဆောင်ဟောင်း ကိုမောင်မောင်စီက ဂျပန်ပြန်ဗိုလ်နေ၀င်း ကို ဌါချုပ်မှ စစ်တာဝန်ကို လွှဲပေးခဲ့ရတယ်။

ရရာနဲ့ချကြပါ

ဂျပန်က ပြည်တွင်းပြန်မ၀င်ရသေးဖူး ကတိတွေ စဖျက်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗမာတွေကိုလည်း စချုပ်ချယ်ပြီ။ လေယျဉ်နဲ့ ချပေးမယ်ဆိုတဲ့ လက်နက်တွေကလည်းပေါ်မလာဖူး။ ဗိုလ်အောင်ဆန်းက ကိုကျော်ငြီမ်းတို့ PRP ပြည်တွင်းသူပုန်အဖွဲ့ကို ရရာလက်နက်နဲ့ အင်္ဂလိပ်ကို ပုန်ကန်ကြပါ။ ဗမာတွေ ပါကြောင်းပြရအောင် .. သေနပ်မရှိရင် ၀ါးချွန်နဲ့သာ တက်ထိုးပါဆိုတာနဲ့ ဌါချုပ်ကလူတွေဘယ်လို ကြိုးစားခဲ့ကြရတယ်ဆိုတာကို ဦးကျော်ငြိမ်း က သူ့မှတ်တမ်းမှာ အရှည်ကြီးရေးပြထားသလို … ဒေါက်တာမောင်မောင်ကလည်း စာမျက်နှာ ၁၀၅ မှစ၍ အကျဉ်းချုပ်ဖေါ်ပြထားပါတယ်။ ဗိုလ်နေ၀င်းနဲ့ ပြည်သူ့အရေးတော်ပုံ ခေါင်းဆောင်တွေ ဟာ ဒီတော်လှန်ရေးကာလမှာ စတင်သိကျွမ်းမိတ်ဖြစ်ရုံမက တော်လှန်ရေးသမားအချင်းချင်းအားကိုးခဲ့ကြရတာပါ။

ဘီအိုင်အေကို ၀ါအလိုက် စ်ီလိုက်ရင်

ဘီအိုင်အေကို လေ့လာကြည့်ရင် ထိပ်ဆုံးက အရာရှိခေါင်းဆောင်အများစု ဟာ တက္ကသိုလ် သမဂ္ဂကလာတဲ့ ကျောင်းသားခေါင်းဆောင်တွေ သို့မဟုတ် ကျောင်းသားပညာတတ်တွေပဲ။
ထိပ်ဆုံး (၅) ယောက်ကိုကြည့်ရင် …      (၁) ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း
                                                (၂) ဗိုလ်လက်ျာ
                                                (၃) ဗိုလ်စကြာ
                                                (၄) ဗိုလ်နေ၀င်း
                                                (၅) ဗိုလ်ဇေယျ

ဒီအောက်မှာမှ                                ဗိုလ်ရန်နိုင်
                                                ဗိုလ်ကျော်ဇော်
                                                ဗိုလ်ရဲထွဋ်
                                                တို့ရှိကြတယ်

ဘီအိုင်အေခေတ်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးချီတက်ကြတော့
                                                စစ်ကြောင်း - တပ်မ (၁) .. ကာဂါကော (Kaga Corps ) ..   တပ်မှူး ဗိုလ်ဇေယျ
                                                စစ်ကြောင်း - တပိမ (၂) .. တာဂါစူကီ (Takasugi Corps) .. တပ်မှူး ဗိုလ်နေ၀င်း

…. (မှတ်ချက်။ ဒေါက်တာမောင်မောင်ရဲ့ Burma and General Ne Win စာမျက်နှာ ၁၁၁ မှ ) …

BIA တပ်တွေနဲ့ ဂျပန်တပ်တွေ ရန်ဆောင်လာကြတော့ ဂျပန်ကချက်ချင်း BIA ကိုပြန်ဖွဲ့စည်းပြီး ဂျပန် (၁၅) တပ်မတော်အောက်ကို သွပ်သွင်းလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်သောနာပတိချုပ် ၊ ဗိုလ်လက်ျာ ဒုသေနာပတိချုပ် ၊ ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျတို့က စစ်ကြောင်းနှစ်ခုရဲ့ တပ်မှူးတွေလာဖြစ်ကြတယ်။

ဘီအိုင်အေကို ပြန်လည်ဖွဲ့စည်းအပြီး (၃) လလောက်အကြာမှာ BIA ကို ဇူလိုင်လ ၂၇ရက် - ၁၉၄၂ ခုနှစ်မှာဖျက်သိမ်းခဲ့တယ်။    ပြီး BDA (Burma Defense Army) ကိုပြန်ဖွဲ့ဖို့စီစဉ်ကြပြန်တယ်။။ ဗိုလ်ချုပ် နဲ့ ရဲဘော် ၃ ကျိပ် တို့ BIA ကိုဦးဆောင်ပြီး ဗမာပြည်တွင်းသို့ ချီတက်လာရာမှာ လူအများဟာ မျိုးချစ်စိတ်နဲ့ တပ်ထဲကိုဝင်ခဲ့ကြရာမှာ BIA ဟာ ထောင် ၊ သောင်း ဂဏန်း အထိကြီးထွားလာခဲ့တယ်။ ဘီဒီအေ ၀င်ဖို့ရာ လူ ၇၀၀၀ ပြန်လျှောက်ရာမှာ ဆေး နှင့် ၀င်ခွင့်စာမေးပွဲအပြီးမှာ လူ ၂၀၀၀ လောက်ပဲ အောင်ကြတယ်။ စာမေးပွဲအောင်တဲ့သူတွေကို ရန်ကုန်နဲ့မန္တလေးမှာ ခေတ္တစုထားပြီး ပျဉ်းမနားမှာ အသစ်ဖွင့်တဲ့ ဌါနချုပ်ဆီကို orientation အစချီဖို့ရာ တပြုံလုံးပို့လိုက်တယ်။ Mary P. Callahan ရဲ့ Making Enemies. War and State Building in Burma ဆိုတဲ့ စာအုပ် ၊ စာမျက်နှာ ၅၈-၅၉ မှာ ဂျပန်အကြံပေး အရာရှိ တွေက ဗိုလ်နေ၀င်း နဲ့ ဗိုလ်ရန်နိုင်တို့ အပါအ၀င် ဗမာ စစ်ဗိုလ်တချို့ကို BDA ကိုရွေးချယ်ရာမှာ ပြောခွင့်ပြု တယ်လို့ဆိုထားတယ်။ စစချင်းမှာ တပ်ရင်း (၂) ရင်းနဲ့စခဲ့ပြီး တပ်ရင်မှူးနဲ့ ဒုတပ်ရင်းမှူးတွေဟာ ဂျပန်ပြန် ရဲဘော် (၃)ကျိပ်ဝင်တွေဖြစ်ကြတယ်။ BIA မှာဗရန်းဗဒါ ဖြဟ်နေရာက BDA မှာစစ်ချလို်က်ပြီး အားလုံးကို ပျဉ်းမနားမှာ အတူတူထားခဲ့ကြရာ ၊ အတူတူအိပ် ၊ အတူတူစား ၊ အတူတူဒုက္ခခံ ၊ အတူတူ ဂျပန်ပါးရိုက် တာခံပြီး အတူတူစစ်ရေးလေ့ကျင်ကြတော့ ၊ ဒီမှာ (ငါစစ်သား) ဆိုတဲ့ (ရဲဘော်စိတ်) တွေဝင်လာကြရတယ်လို့ Mary Callahan ကသုံးသပ်တယ်။

ဂျပန် Burma Area Army (BAA) က ၁၉၄၂ သြဂုတ်လကစပြီး မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ရွေးချယ်ဖို့အတွက် စခဲ့ကြတယ်။ ဒီမင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းကို ဂျပန်ဗိုလ်တွေကပဲ အစမှာ ဦးစီး ဖွင့်လှစ်ခဲပေမဲ့ ၊ တပ်မတော်မှတ်တမ်းရုံးရဲ့တရားဝင်မှတ်တမ်းအရ ၊ တပ်ရင်း (၁) နဲ့ တပ်ရင် (၂) တို့ရဲ တပ်ရင်းမှူး များဖြစ်ကြတဲ့ ဗိုလ်မှူးနေ၀င်း ၊ ဗိုလ်မှူးရန်နိုင် နှစ်ယောက် တို့်ကို ပျဉ်းမနားမပို့ခင် မန္တလေးမှာ ရှိစဉ်က စစ်သားလောင်းတွေအထဲက ဗိုလ်လောင်းရွေးခွင့်ပြုတယ်လို့ဆိုတယ်။

၁၉၄၃ မတ်လအပြီးမှာ BDA တပ်ရင်းသစ်တွေကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းတွေနဲ့ အားဖြည့်နိုင်ခဲ့တယ်။ စစချင်းမှာ ဗိုလ်သင်တန်းကျောင်းရဲ့ကျောင်းအုပ်နဲ့ ကျောင်းဆရာတွေက ဂျပန်တွေချည်းပဲ။
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဟာ အပတ်ဆင် (၄) ခု ပြီးခဲ့တယ်။ သင်တန်းပထမ ပိုင်းအပြီးမှာ စစ်ဗိုလ်ဖြစ်သင့်သူတွေကို ချန်ထားခဲ့ပြီး ကျန်သူတွေကို NCO (Non Commissioned Officers) လို့ခေါ်တဲ့ အကြပ် ၊ နဲ့ အရာခံဗိုလ်တွေ အဖြစ်ကျောင်းဆင်းပေးလိုက်တယ်။ သင်တန်းအပြီး ဗိုလ်တွေကျောင်းဆင်းအပြီးမှာ အတော်ဆုံး အယောက် (၃၀) ကို ဂျပန်ပြည် စစ်တက္ကသိုလ်မှာ ဆက်ပညာသင်ဖို့ ဂျပန်တွေက စီစဉ်ပေးတယ်။ အချိန်ရရင် လူငယ်လေးတွေကို ဗိုလ်မှူးကြီးဟောင်း တင်မောင် (စာရေးဆရာမြတ်ထန်) ရေးတဲ့ (တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်) ၊ ဗိုလ်မှူးကြီးစောမြင့် ၊ ဗိုလ်မှူးချုပ်သန်းတင် ၊ ဗိုလ်မှူးချုပ်တင့်ဆွေ တို့ရဲ့ ကိုယ်ရေးမှတ်တန်းတွေကို ဖတ်စေချင်တယ်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းရဲ့ အတွေ့အကြုံတွေကိုပြန်ရေးပြထားကြတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထို့ပြင် ဗမာ့တပ်မတော်ရဲ့ ကျော်ရိုးက ဒီမှာ (စ) တာပါပဲ။

BDA စဖွဲ့ပြီး (၁) နှစ်အကြာမှာ ဗိုလ်မှူးကျော်ဇော်က တပ်ရင်း (၄) ၊ ဗိုလ်မှူးအောင်ကတပ်ရင်း (၅) ၊ ဗိုလ်မှူးရန်အောင် ကတပ်ရင်း (၆) တို့ကိုဦီးစီးဖွဲ့နိုင်ခဲတဲ့ အတွက် လူဦးရည်  (၈၀၀၀) အထိတိုးချဲ့လာ နိုင်တယ်လို့ Mary Callahan ကသူ့ရဲ့စာအုပ် စာမျက်နှာ ၆၀ မှာဖေါ်ပြထားပြန်တယ်။ ဂျပန်တွေလက်ထဲက ပထမဦးဆုံး မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းကို ဦးစီးရတာက ဗိုလ်ရန်နိုင်။ ဗိုလ်ရန်နိုင် အဓိပတိအိမ်တော်ကို ပြောင်းရတော့ ဗိုလ်ဇေယျ ကကျောင်းအုပ်လာဖြစ်တယ်။

ဆက်ရန် အပိုင်း (၂)

No comments:

Post a Comment