ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျ ရင်ဆိုင်တွေ့ ပြီ
ဗိုလ်လက်ျာက ကရင်စစ်ဗိုလ်တွေနဲ့ ပေါင်းသွားတော့ ဗိုလ်နေ၀င်းရဲ့ ပြိုင်ဖက်က ဗိုလ်ဇေယျလာဖြစ်တယ်။
ဒီနေရာမှာ
နဲနဲ ရှုပ်ထွေးစရာရှိတာက ဂျပန်တော်လှန်ရေးအပြီး … အင်္ဂလိပ်ပြန်အ၀င်မှာ ..
ဖဆပလအဖွဲ့ကြီးအတွင်းမှာ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်တွေ အားပြိုင်နေကြပေမဲ့
စစ်တပ်အတွင်းမှာတော့ လက်ဝဲ နဲ့ လက်ျာ အားပြိုင်မှု က ပို ပြင်းထန်တယ်။
အကြောင်းက ကန္ဒီစာချုပ် မှာကတည်းက အင်္ဂလိပ်က Two Wings Army policy
ကိုကျင့်သုံးလာတယ်။ အဓိက က ဗမာတပ်တွေကို မယုံဖူး။ ဒါကြောင့် တဖက် က
ဗမာတပ်ရင်း (၃) ခုကိုပဲ ဖွဲ့ခွင့်ပေးပြီး ကျန်တဖက် က
တိုင်းရင်းသားတပ်တွေနဲ့ ၀ိုင်းရံထားပြီး တိုင်းရင်သားတပ်တွေကို
မြှောက်ပေးထားတဲ့ အင်္ဂလိပ်တွေရဲ့ နှစ်ဖက်သွားပေါ်လစီပဲ။ Mary Calllahan
စာအုပ် စာမျက်နှာ ၉၅ မှာ Two Wings Solution ဆိုပြီး အတိအကျရေးပြထားတယ်။
Mountbatten က ဗိုလ်ချုပ်အောင်ဆန်း ၊ အင်္ဂလိပ်အရာရှိတွေနဲ့
စည်းဝေးပွဲတွေမှာ ဗမာနိုင်ငံဟာ Dominion Status မရမချင်း အင်္ဂလိပ် Inspector
General (IG) ကအုပ်ချုပ်ရမယ်။ ဒီမျက်နှာဖြူ အရာရှိအောက်မှာ မှ
ဗမာစစ်သားတွေက တစ်ဖက် ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကတဖက် နှစ်ဖက်ရှိရမယ်။
ဗမာစစ်သား တွေဖက်ကို ဗမာ (DIG) Deputy IG ကအုပ်ချုပ် ၊
တိုင်းရင်သားတွေဖက်ကို ကရင် (သို့) ကချင် (သို့) ချင်း DIG
ကအုပ်ချုပ်စေဆိုပြီး ဗြောင်သွေးခွဲ ဖို့အစီအစဉ် ရေးဆွဲခဲ့ကြတယ်။ ဒီလို
ဗြောင်သွေးခွဲခဲ့ရုံ မက တပ်တွေကို ပါဖွဲ့စည်းပေးခဲ့တာကြောင့် ပြည်တွင်းစစ်
ဟာမရှောင်နိုင်တော့ဖူး။ ဒိအပြင် အင်္ဂလိပ် IG Thomas ဟာ စစချင်းကတည်းက
ကရင်စစ်ဗိုလ်တွေကို ရာထူးတွေတိုးပေးခဲ့တယ်။ ရည်ရွယ်ချက်က ကရင်စစ်ဗိုလ်တွေဟာ
ရာထူးကြီးကြီးရထားရင် အင်္ဂလိပ်ကိုမုန်းတဲ့ တော်လှန်ရေးစစ်ဗိုလ်တွေ
တပ်ကိုမစီးနိုင်ရအောင်အကြံနဲ့တဲ့ (Mary Callahan - စာမျက်နှာ ၁၀၅)
ဗမာပြည်
၁၉၄၈ ခုဇန္န၀ါရီလ ၄ရက် နေ့မှာလွပ်လပ်ရေးရတော့ ..စစ်ဦးစီးချုပ်က
ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၊ သူ့ရဲ့လက်ထောက်က ဗိုလ်မှူးချုပ် စောကြာဒိုး ၊
မြောက်ပိုင်းတိုင်းမှူးက ဗိုလ်မှူးချုပ်နေ၀င်း ၊ တောင်ပိုင်းတိုင်းမှူးက
ဗိုလ်မှူးချုပ် အောင်သင်း ၊ တပ်မဟာ (Brigade (1)) တပ်မှူးကြီးက
ဗိုလ်မှူးချုပ် စောချစ်ခင် ၊ လေတပ်အကြီးအကဲက လေတပ်ဗိုလ်မှူးကြီး
စောရှီးရှိုး ၊ စစ်တပ်ရဲ့ ဘတ်ဂျက် သုံးပုံလေးပုံကို ကိုင်ရတဲ့
စစ်ထောက်ချုပ် က ဗိုလ်မှူးကြီးစောဂျော်နီ။ (Mary Callahan ၊ စာ (၁၁၉) နှင့်
ဗိုလ်ချုပ်စမစ်ဒွန်း၏ကိုယ်တွေ့မှတ်တမ်း (Memoirs of Four-feet Colonel,
Gen Smith Dun, စာမျက်နျာ ၁၁၅) ။
ဒီစစ်ဗိုလ်ချုပ်တွေအထဲမှာ
ဗိုလ်ချုပ်နေ၀င်း တဦးတည်းသာ တော်လှန်ရေးရဲဘော်တွေဖက်ကရှိတယ်။
ဗိုလ်မှူးချုပ် အောင်သင်း က အင်္ဂလိပ်တပ် (ABRO) (Army of Burma Reserved
Organization) ကလာတာ။ တချိန်ထဲမှာ ကရင် ဒုဗိုလ်မှူးကြီး (၈) ယောက် က
ဝိုင်းရံထားပြန်တယ်။ ကရင် ရိုင်ဖယ် ၊ တပ်ရင်း (၂) ၊ ဗမာတပ်ရင်း (၄)
(ဂေါ်ရခါးတပ်ရင်း) ၊ ဆက်သွယ်ရေးတပ် ၊ လေ့ကျင့်ရေးတပ် ၊ တောင်ပိုင်းတိုင်း
စစ်ထောက်ချုပ် ၊ အားလုံးဟာ ကရင်စစ်ဗိုလ် ဒုဗိုလ်မှူးကြီး တွေပဲ။
ကန္ဒီစာချုပ်အပြင်
၊ လက်ျာ - ဖရီမင် စာချုပ်အရ စစ်လက်နက်ပစ္စည်းဝယ်တာ ၊ စစ်အကြံပေးထားတာကအစ
အင်္ဂလိပ်တွေက အုပ်စီးထားပြန်တယ်။ ဒါကြောင့် သြဂုတ်လ ၁၉၄၇ ခုနှစ်မှာ
ဦးကျော်ငြိမ်း ၊ ဗိုလ်နေ၀င်း ၊ ဗိုလ်မောင်မောင် ၊ ဗိုလ်အောင်ကြီး ၊
ဗိုလ်ခင်မောင်ကလေး တို့ဆုံပြီး ၊ ဦးကျော်ငြိမ်းရဲ့ ပြည်ထဲရေးဝန်ကြီးဌါနမှာ
ရှိတဲ့ ပြည်ထောင်စုစစ်ရဲ (Union Military Police)
ကိုထောင်ဖို့ဆုံးဖြတ်ကြတယ်။
(Callahan စာ (၁၂၂))။ ဦးကျော်ငြိမ်းက သြဂုတ်လ (၁)ရက် ၁၉၄၇ ၊ ဗိုလ်ချုပ်အောင်ဆန်းကက်ဘိနက်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်တယ်။
တချိန်ထဲမှာ
ကရင်နဲ့ အင်္ဂလိပ်အလိုတောကြီ်း စစ်ဗိုလ်တွေ စစ်တပ်ထဲ မှာကြီးစိုးနေကြပြီး
British Services Mission ကစစ်ဗိုလ်တေကွ ခြေရှုပ်နေကြတာကြောင့် ကွန်မြူနစ် ၊
ဆိုရှယ်လစ် နဲ့ ပြည်သူ့ရဲဘော် တွေနဲ့ စစ်တပ်ထဲ ကတော်လှန်ရေးရဲဘော်တွေပါတဲ့
လက်ဝဲညီညွပ်ရေးကို ထဖွဲ့ကြရတယ်။ ဗိုလ်ချုပ်နေ၀င်းက ဥက္ကဌ ။ ဦးသိန်းဖေမြင့်
ကအတွင်းရေးမှူး။ (ဦးသိန်းဖေမြင့်၏ ကျော်ငြိမ်း (စာ) ၁၁၇) ။ တချိန်ထဲမှာ
စစ်တပ်အတွင်းမှာလည်း လက်ဝဲညီညွပ်ရေးတပ်မှူးတွေဖွဲ့ကြတယ်။
ဗိုလ်မှူးချုပ်နေ၀င်း (မြောက်ပိုင်းတိုင်းမှူး) ၊ ဗိုလ်မှူးကြီးဇေယျ
(စစ်ဦးစီးစစ်ဗိုလ် GSO)) ၊ ဒုဗိုလ်မှူးကြီးရဲထွဋ် (တပ်ရင်(၃) တပ်ရင်းမှူး)
၊ ဒုဗိုလ်မှူးကြီး တင်မောင် (တပ်ရင်း (၆) တပ်ခွဲမှူး) ၊
ဗိုလ်မှူးချစ်မြိုင် (တပ်ရင်း(၃) ဒုတပ်ရင်မှူး) ၊ ဗိုလ်မှူးထွန်းစိန်
(တပ်ရင်း(၅) တပ်ခွဲမှူး) ၊ ဗိုလ်မှူးတင်ဦး (တပ်ရင်း (၆) တို့ဖြစ်ကြတယ်။
(Callahan (စာ) ၁၂၄)
အဓိက လက်ဝဲညီညွတ်ရေးအဖွဲ့ဝင် တွေမသိပဲ ၊
ဦးသိန်းဖေမြင့် က ဗိုလ်ချုပ်နေ၀င်း အကူနဲ့ အာဏါသိမ်းဖို့ ကြံလာတယ်။
ဗိုလ်ချုပ်နေ၀င်း က လေတပ်ကဗိုလ်သိန်းဒန် (နောင်လေတပ်ဦးစီးချုပ်)
ကိုသိမ်းသွင်း ထားတယ်။ ဗိုလ်သိန်းဒန်တပ်က တပ်ကြပ်ကြီးက သတင်းပေးတာနဲ့
ဦးကျော်ငြိမ်းက ဗိုလ်နေ၀င်းကို မေးတော့ ဗိုလ်နေ၀င်းနောက်ဆုတ်သွားတယ်။
(မှတ်ချက်။ ဦးသိန်းဖေမြင့်က ဒီအကြောင်းကို သူ့ရဲ့ ကျော်ငြိမ်းစာအုပ်
စာမျက်နှာ ၁၂၀ မှာ ပေါ့ပေါ့လေးဖေါ်ပြထားပြီး
ဗိုလ်နေ၀င်းဘာကြောင့်နောက်ဆုတ်သွာတယ်ဆိုတာကို ဝေေ၀၀ါးဝါးပဲရေးပြသွားတယ်။)
လွပ်လပ်ရေးရတဲ့
ပထမဦးဆုံးသော အစိုးရ ကက်ဘိနက်အဖွဲ့ မှာ ဗိုလ်လက်ျာက ဒုဝန်ကြီးချုပ် ၊
ကာကွယ်ရေးဝန်ကြီး။ သို့သော် ဗိုလ်လက်ျာဟာ ကရင်တွေနဲ့ နီးပြီး လက်ျာ
(Rightist) လို့ယူဆလာကြတဲ့အတွက် တော်လှန်ရေးစစ်ဗိုလ်တွေရဲ့ ထောက်ခံမှုကို
မရတော့ဖူး။ ဒါကြောင့် လက်ဝဲညီညွတ်ရေး အဖွဲ့က ဗိုလ်နေ၀င်းသော်၎င်း ၊
ဗိုလ်ဇေယျသော်၎င်း ၀န်ကြီးချုပ်ဦးနု ကြိုက်ရာလူနဲ့ ဗိုလ်လက်ျာရဲ့ ကာကွယ်ရေး
ဝန်ကြီးဌါန ကို လဲဖို့ရာ တင်ပြလာတယ်။ ကျောင်းသားလှုပ်ရှားမှု ၊ ၁၉၃၆
ကျောင်းသားသပိပ် ကတည်းကအတူတူလုပ်လာတဲ့ ဦးကျော်ငြိမ်းကို ရက်ချိန်းရဖို့
စေလွှတ်လိုက်ကြတယ်။ ဦးနုက ဦးကျော်ငြိမ်းပြောတဲ့ အတိုင်း ဗိုလ်နေ၀င်း ရဲ့
တပ်ရင်း (၄) က စိတ်အချရဆုံးမို့ ဗိုလ်နေ၀င်းကို ရွေးပါဆိုတာကိုလည်း
သဘောတူထားပြီးပြီ။ (မှတ်ချက်၊ ဒီအချိန်မှာ ကွန်မြူနစ်တွေကတော်ခိုကုန်ပြီ။
ကရင်ပြဿနာပေါ်နေပြီ)။ ဒါပေမဲ့ ၀န်ကြီးချုပ်ဦးနုနဲ့ ဒီအဖွဲ့တွေ့ကြရာမှာ
စစ်ဗိုလ်တစ်ဦးက ဗျောက် (သေနပ်) ချိပ်လာ တာကို ဦးနုက
သူ့ကိုခြိမ်းခြောက်တာလို့ယူဆတယ်။ ဒီအချိန်မှာ ဥိးသိန်းဖေမြင့် က ဦးနု
စဉ်းစားဖို့ (၃)ရက်ပေးမယ်လို့ ထပ်ဆင့်လာတော့ ဦးနု ပေါက်ကွဲပြီး ဘယ်သူမှ
မခန့်ဖူုးကွ ဆိုပြီး မောင်းထုတ်ပစ်လိုက်တယ်။ (ဦးနု၏တာတောစနေသား (စာ) ၁၃၅
မှ ၁၃၉ အထိ)။
၁၅ မိနစ်အကြာမှာ ဗိုလ်လက်ျာက ဦးနုစီကို
ဗိုလ်ဇေယျကို တွေ့ဖို့ခေါ်လာလိုကြောင်းခွင့်တောင်းလာတယ်။ ဒီမှာ ဗိုလ်ဇေယျက
ဗိုလ်နေ၀င်းကို တပ်တွင်းမှာမကြိုက်ကြကြောင်း။ ထို့ကြောင့် မိမိ (ဗိုလ်ဇေယျ)
ကိုကာကွယ်ရေးဝန်ကြီးခန့်ဖို့ ပြောဆိုလာတယ်။ စိတ်ဆိုးနေသေးတဲ့ ဦးနုက
(ဘယ်သူမှ မခန့်ဖူး) လို့ထပ်ငြင်းလိုက်တယ်။ ဦးနုက ဦးကျော်ငြိမ်းကို
ဖုန်းဆက်ပြီး ဒီအကြောာင်းပြောတော့ ..ဦးကျော်ငြိမ်းက ဗိုလ်နေ၀င်းကို တဆင့်
အကြောင်းကြားလိုက်တယ်။ ဒီမှာတင် ဗိုလ်နေ၀င်း မိုးမီးလောင်ပြီး တပ်တွင်း က
လက်ဝဲညီညွတ်ရေး အဖွဲ့ကိုချက်ချင်း အစည်းအဝေးခေါ်တော့တာပဲ။
ဗိုလ်နေ၀င်းက
မင်းတို့ဘာကောင်းသလဲ။ ငါက အားလုံးအတွက် အများသဘောတူ လုပ်တယ်။ မင်းတို့က
နောက်ကြောဒါးနဲ့ ထိုးတယ်။ ငါထွက်မယ်ဆိုတော့ တစ်ယောက်ပြီးတစ်ယောက် ဘာမှန်း
မသိကြောင်း ပြောကြတော့မှ ဗိုလ်ဇေယျက သူဦးနုစီသွားမိပါတယ်။
သူလည်းအများအတွက်လုပ်တာပါလို့ ၀န်ခံတယ်။ ပြဿနာက အုပ်စုအနေနဲ့ သဘောတူထားတာက
ဦးနုကြိုက်တဲ့သူကိုရွေးပါစေဆိုတဲ့ အဆို။ ဗိုလ်ဇေယျက ချွန်ပြီး သူ့ကို
ခန့်ပါလို့ တိပ်တိပ်သွားတောင်းဆိုတာ။ ဦးကျော်ငြိမ်းကိုပြန်ပြောမယ်လို့
တွက်ထားပုံမပေါ်ဖူး။ တဒင်္ဂခဏမှာ စိတ်ခံစားချက် emotion အရထလုပ်တာ။
စစ်ဗိုလ်တွေအားလုံးအရှေ့မှာ လက်ပူးလက်ကြပ်ကြီး မိနေတော့ အားလုံက
ဗိုလ်နေ၀င်းကို ၀ိုင်းထောက်ခံကြတော့ ဗိုလ်ဇေယျ သိက္ခာတွေကျပြီး
မြွေပါလည်းဆုံး ၊ သားလည်းဆုံး ကိန်းကြုံရတော့တာပဲ။ တနည်းအားဖြင့် ဗိုလ်ဇေယျ
နိုင်ငံရေး..မလျှင်တာပဲ။ လိုချင်ဇောကြီးသွားတာ။ အမှန်က ဦးကျော်ငြိမ်းလို
ဗိုလ်လက်ျာကို သိက္ခာရှိရှိ ပြောခိုင်းရမှာ။ ကိုယ်ကိုယ်တိုင်
ကျနော်ကိုခန့်ပါ ၊ ဗိုလ်နေ၀င်းကိုမထောက်ခံကြပါဖူးဆိုတော့ ..ကားရား
ကြီးမိနေရော။ ဒါ နိုင်ငံရေးအရ political suicide. Politically naivety ပဲ။
ကျားအရှေ့မှောက်ရက်လဲဒါပဲ။ ဗိုလ်နေ၀င်း အကွက်ထဲတန်းဝင်သွားတာပဲ။
ဒီအချိန်မှာ
တပ်ရင်း (၃) ၊ တပ်ရင်းမှူးက..ဗိုလ်ရဲထွဋ်။ ဗိုလ်ဇေယျကဲ့သို့
ကွန်မြူနစ်စစ်ဗိုလ်။ ဒုတပ်ရင်းမှူးက ဗိုလ်ချစ်မြိုင်။ ဗိုလ်ချစ်မြိုင်က
ဗိုလ်ရဲထွဋ်ထက်တပ်ကို ကိုင်ထားနိုင်တယ်။ ဗိုလ်ချစ်မြိုင်က တပ်ရင်း (၃)
စဖွဲ့ကတည်းကပါလာတဲ့ ဒုတပ်ရင်မှူး။ စဖွဲ့တော့ တပ်ရင်းမှူးက ဗိုလ်ကျော်ဇော်။
ထို့ပြင် တပ်ရင်း (၃) က ရန်ကုန်ရဲ့ လုံခြုံရေးကိုယူရတဲ့တပ်။ Burma Debate
နဲ့ ဗိုလ်ချစ်မြိုင် အင်တာဗျူးအရ သိရတာက ဗိုလ်ရဲထွဋ်က ဗိုလ်သိန်း ၊
ဗိုလ်လရောင် (ရဲဘ်ာသုံးကျိပ်ဝင်) နဲ့ ပြည်သူ့ရဲဘော်တွေကို လေ့လာသူအဖြစ်နဲ့
စည်းရုံးဖို့ ခေါ်ထားတယ်လို့ဆိုတယ်။ ဗိုလ်ချစ်မြိုင်ကို
သူတို့နဲ့ပေါင်းပြီး မြို့သိမ်းဖို့ ၀ိုင်းစွယ် ကြတယ်။ ဗိုလ်ချစ်မြိုင်က
ငြင်းလိုက်တယ်။ ဗိုလ်ချစ်မြိုင်က ဗိုလ်ရဲထွဋ်ကို ခင်ဗျားနဲ့ ကျနော်
တပ်ကိုပြိုင်တရားဟောမယ် မနက်ကြရင် ခင်ဗျားရသလောက် ခင်ဗျားခေါ်သွား (၃) ရက်
စစ်မတိုက်ကြေး ဆိုပြီး စိန်ခေါ်တော့ ဗိုလ်ရဲထွဋ်က
ဦးသိန်းဖေမြင့်ကိုခေါ်သွင်းလာတယ်။ နံက်မိုးလင်းတော့ လူ ၁၅၀
လောက်ပဲရတာကြောင့် ဦးသိန်းဖေမြင့်က တောထဲမလိုက်တော့ဖူး။
အမှန်ကဗိုလ်ချစ်မြိုင်က
ကျောင်းသား သံမဏိဥက္ကဌဟောင်း။ ဗိုလ်ဇေယျက သမဂ္ဂဥက္ကဌဟောင်း။ ဗိုလ်ဇေယျနဲ့
ကျောင်းသားဘ၀ကတည်းကခင်သိကြတယ်။ ဒါကြောင့် ဗိုလ်ဇေယျ ကမင်းဘာလုပ်မလဲ မေးတော့
ကျုပ်ကတော့ အိမ်ပြန်လယ်လုပ်နိုင်တယ်ပြောတော့ အေးကွာ ငါ့မိဖတွေက လယ်မပိုင် ။
ငါနေလည်း အဖမ်းခံရမှာပဲ ဆိုပြီး စိတ်မပါတပါနဲ့
တောထဲပါသွားကြတယ်လို့ဆိုတယ်။ (မှတ်ချက်။ ၂၀၁၂ ဧပြီလက စာရေးသူ
အမေရိကန်ပြန်တော့ ဗိုလ်မှူးကြီး ချစ်မြိုင် ကိုမေးမြန်းခွင့် ရခဲ့ပါသည်။
အသက် ၉၀ ပင်ရှိသော်လည်း ဂျပန်ဗိုလ်သင်တန်းကျောင်းအကြောင်းပြောပြစဉ်
မနေ့ကလိုပဲ အားလုံးကို မှတ်မိနေသေးသည်။)
ဗိုလ်ချစ်မြိုင်ကို ကျေးဇူးတင်ရမယ်။ တပ်ရင်း (၃) သာ ကွန်မြူနစ်တပ်ဖြစ်ခဲ့ရင် ရန်ကုန်မှာသွေးထွက် သံယိုဖြစ်မှာသေခြာတာပေါ့။
ဗိုလ်ချစ်မြုင်က
တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သင်းနဲ့ သွားတွေ့တော့ တပ်ရင်း
(၃) တောခို မဲ့သတင်းဖြစ်နေတာကို မေးတယ်။ ဘေးမှာကရင်စစ်ဗိုလ်တွေခြံရံလို့ ….
တပ်ရင်း (၃) တောခိုမယ် သတင်းဖြစ်နေလို့ အဆင်သင့် ပြင်ထားကြတာတဲ့..။
ဗိုလ်ချစ်မြိုင်ကြောင့် သာ ရန်ကုန်မှာသွေးထွက် သံယို မဖြစ်ခဲ့ရတာ။
ဗိုလ်ချုပ်နေ၀င်း နဲ့ ဗိုလ်ချုပ်ကျော်ဇော်
နိုင်ငံရေးကစားကွက်မှာ ဗိုလ်ချုပ်ကျော်ဇော်က ရိုးလွန်းတာကြောင့် ကြည့်မကောင်းဖူး။
နိုင်ငံရေး
ဆိုတာကိုယ့် ပြိုင်ဖက်အကြောင်းကို ကောင်းကောင်း သိဖို့လိုတယ်။
ဗိုလ်လက်ျာလည်း မရှိတော့ဖူး။ အဓိက ပြိုင်ဖက် ဗိုလ်ဇေယျ လည်းမရှိတော့ဖူး။
ဗိုလ်ရဲထွဋ်လည်း ပါသွားပြီ။ ကျန်တဲ့ ကွန်မြူနစ် စစ်ဗိုလ်ဆိုလို့
ဗိုလ်ကျော်ဇော်ပဲကျန်တယ်။ ဗိုလ်ကျော်ဇော်က ရိုးရိုးအအ။ ဗိုလ်ကျော်ဇော်ကို
လွတ်ပေးထားရင် ရန်မရှာရင် ဘာမှမလုပ်ဖူး။ ဒီနေရာမှာ ဗိုလ်နေ၀င်း ကစားတဲ့
အကွက်ကိုကြည့် ..သိပ်လှတယ်။ မလိုပဲနဲ့ ရန်မရှာဖူး။ မလျှင်တာက
ဗိုလ်အောင်ကြီး။ အလကားနေရင်း ရန်လုပ်တယ်။ တရုတ်ပြည် ကူမင်းမှာ
ဗိုလ်မှူးချုပ်ကျော်ဇော်နဲ့ ထိုင်စကားပြော လိုက်တာနဲ့ ဗိုလ်ချုပ်ကျော်ဇော်
ရဲ့ နာကျည်းမှုဟာ ဘယ်သူ့အပေါ်မှာလည်း ဆိုတာ ချက်ချင်းပေါ်လာတယ်။ Bad Cop
ဗိုလ်အောင်ကြီး ရှေ့မှာရှိနေမှ တော့ ဗိုလ်နေ၀င်း က good cop
ဝင်ကစားလိုက်တာပေါ့။
နောက် နိုင်ငံရေးမှာ သင်္ခမ်းစာတစ်ခုက မလိုအပ်ပဲနဲ့ ရန်သူမမွေးရဖူး။
ကန္ဒီစာချုပ်အပြီးမှာ
Mountbatten က ဗိုလ်ချုပ်အောင်ဆန်းကို မင်း Churchill လုပ်မလား Nelson
လုပ်မလား။ ဆိုလိုတာက နိုင်ငံရေးခေါင်းဆောင်လုပ်မလား ၊
စစ်ဗိုလ်ချုပ်ပဲလုပ်မလား လို့ရွေးခိုင်းတော့ နိုင်ငံရေးကို ပဲရွေးလိုက်တယ်။
ဗိုလ်ချုပ်အောင်ဆန်းက တပ်ထဲမှာ ဆိုရှယ်လစ်ဗိုလ်ချုပ်တွေ အားသာတာကိုသိတယ်။
ဒါကို Balance လုပ်ဖို့ ကိုဗဟိန်း ကို စစ်တပ်မှာ ထားဖို့ စိတ်ကူးပြီး ၊
သခင်သန်းထွန်းစီမှာ တောင်းတယ်။ ကိုဗဟိန်းက စစ်ဗိုလ်မဟုတ်ပေမဲ့
ကွန်မြူနစ်တစ်ယောက် ကိုထိပ်မှာ တင်ထားလိုက်ရင် ဆိုရှယ်လစ် ဗိုလ်ချုပ်တွေကို
အလုပ်ပေးထားတာနဲ့ အတူတူပဲ။ အာဏါသိမ်းဖို့ ကြိပ်မကြံနိုင်တော့ဖူး။
ကွန်မြူနစ် ကိုဗဟိန်းကို ၀ိုင်းချနေရတာနဲ့ အချိန်ကုန်နေကြမှာ။ အမှန်က
အာရုံပြောင်းပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းက စဉ်းစားတာ။ ဒါအာဏါအကြောင်း
ကောင်းကောင်းသိတဲ့လူရဲ့အတွေး။ ဒါပေမဲ့ ဘ၀င်လေခပ် နေတဲ့ သခင်သန်းထွန်းက
ဥါဏ်မမှီဖူး။ သူ့လူသိပ်တော်လို့ တောင်းတာလို့ယူဆပုံရတယ်။ ဒါမှာမဟုတ်
သူ့လူကို ၀င်ဆွဲတာလို့ ..ထင်ပုံရတယ်။ မပေးနိုင်ဖူး..ဆိုပြီးငြင်းလိုက်တယ်။
အမှန်က ကွန်မြူနစ်သာ စစ်တပ်ကို ဦးစီးခွင့်ရရင် ကိုယ်ကတပန်းသာတာပေါ့။
ဒါကိုနားလည်တာက ဗိုလ်နေ၀င်း။ ဒါကြောင့် ဗိုလ်ကျော်ဇော်ကို အသာလေးလှည့် ခွေထားလိုက်တယ်။
ဦးကျော်ငြိမ်း နဲ့ ဗိုလ်နေ၀င်း တို့က နိုင်ငံရေးအရသာတွဲ ကြရပေမဲ့ မြွေမြွေချင်း ခြေမြင်ကြတယ်။
ဗိုလ်ချုပ်အောင်ဆန်း
နဲ့ ဦးကျော်ငြိမ်း တို့က အမြဲ အာဏါလှည့်ကွက်ကို စဉ်းစားနေကြရတာ။
အမြဲတိုင်ပင်ဆွေးနွေးနေကြ။ တနေ့ ဗိုလ်ချုပ်အောင်ဆန်းက
ကိုကျော်ငြိမ်းကိုမေးတယ်။ ကျော်ငြိမ်း မင်း လက်ျာ နဲ့ နေ၀င်း မင်းဘယ်သူ့ကို
ယုံမလဲတဲ့။ ကိုကျော်ငြိမ်းက “ငါဘယ်သိမလဲကွ.. လို
တမင်ဖြေတော့..အေးမင်းမှတ်ထား..လကျာ်ကိုယုံ” လို့ပြောတယ်။
ဦးကျော်ငြိမ်းနဲ့
ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဒီလိုဆွေးနွေးတိုင်ပင်နေကျ။ ဗိုလ်လက်ျာ နဲ့
ဦးသုဝေတို့ ဦးနုရဲ့ PDP မှာ အတူ နေခဲ့စဉ်က က ဗိုလ်လက်ျာက ပြောတယ်။
သူတို့ နှစ်ယောက် တွေ့ရင်ပြောနေကြ အန်ကယ့်ကိုတော့
ရှိတယ်လို့တောင်မထင်ဖူးတဲ့။ ဒါပေမဲ့ ချစ်စရာကောင်းတာက ဟိုတုန်းက
ခေါင်းဆောင်တွေက စိတ်မဆိုးကြဖူး။ ဗိုလ်လက်ျာက နိုင်ငံရေးအကွက်တွေကို
စဉ်းစားနေတာမှ မဟုတ်တာ။ တချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက “ နေ၀င်းအခု
အာဏါမသိမ်းသေးဖူးကွ။ ငါတို့အစိုးရအာဏါရပြီးမှ သိမ်းမှာ”
လို့ကြိုတင်ပြောဖူးတယ်။ ဒါကြောင့် ဗိုလ်နေ၀င်း ရဲ့ Ambition ကိုသိတယ်။
ဒါကြောင့် သတိရှိကြပေမဲ့ ကွန်မြူနစ်တွေက ပစ္စည်းမဲ့ အာဏါ
ထူထောင်နိုင်ရေးအတွက် လက်တကမ်းပဲလိုတော့ ထင်ပြီး အာဏါငန်းငန်းတက်ဖြစ်နေတော့
near and present danger ကိုရင်ဆိုင်နေရတော့ အမြဲ focus မလုပ်နိုင်ဖူး။
ဗိုလ်နေ၀င်းရဲ့ အားသာချက်က တပ်ကိုနိုင်အောင် ကိုင်ထားနိုင်တော့
သူ့ပဲအားကိုရတာပဲ။
ဦးကျော်ငြိမ်း ဥရောပကို မစ်ရှင်ကို
ဥိးဆောင်သွားတော့ ဗိုလ်ချုပ်ကျော်ဇော်ကို ခေါ်သွားတယ်။ အမှန်က
တောက်ကြည့်ချင်တာ။ ဗိုလ်ချုပ်ကျော်ဇော် က ဗိုလ်နေ၀င်းမရှိရင်
ဗိုလ်အောင်ကြီးက ပိုဆိုးမယ်လို့ တွက်ပုံရတယ်။ အမှန်က ဗိုလ်နေ၀င်း က
ကြိုမြင်လို့ ဗိုလ်ကျော်ဇော်ကို အသာလေးလှည့်ခွေထားတာ။
ဗိုလ်ချုပ်ကျော်ဇော်ကိုသာ ကန်တင်လိုက်ရင် ထိပ်မှာကွန်မြူနစ်ဗိုလ်ချုပ်
ရှိနေရင် ဆိုရှယ်လစ်ဗိုလ်ချုပ် တွေကို အလုပ်ပေးပြီး
အလိုလိုထိန်းပြီးသားဖြစ်သွားမှာ …..ဗိုလ်မှူးကြီးကျော်စိုးက
ဗိုလ်ချုပ်နေ၀င်းကို ပြန်သတင်းပို့တယ်လို့ ဆိုတယ်။ ဗိုလ်ချုပ်နေ၀င်း
ငါးခူပြုံး..ပြုံးနေမှာ မြင်ယောင်မိသေးတယ်။ နိုင်ငံရေးဆိုတာ
လျှင်သူစား..တာပဲ။
ဗိုလ်ချုပ်ကျော်ဇောက
သူဂျပန်တော်လှန်ရေးမှာ ရင်းနှီးခဲ့တဲ့ ဦးကြည်းမြင့်ထောင်ထဲမှာ ရောဂါနဲ့
ဒုက္ခတွေ့နေတယ်ကြားတော့ ဗိုလ်နေ၀င်းကို အကူအညီတောင်းတယ်။
ဗိုလ်နေ၀င်းအကူအညီနဲ့ ထောင်က လွပ်လာတော့ အိမ်မှာခေါ်ထားတယ်။ အဲဒီအချိန် အထိ
ဗိုလ်ချုပ်ကျော်ဇော်က ကွန်မြူနစ်ပါတီ နဲ့ အဆက်ပြတ်နေပြီ။
ဗိုလ်ကျော်ဇောကိုလည်း သခင်သန်းထွန်းက သူအမိန့်ကိုဆန့်ကျင်ပြီး
တောမခိုရကောင်း လားဆိုပြီး ဗဟိုကော်မီတီအပြင် ပါတီက ထုတ်ထားပြီးပြီ။
ဦးကြည်းမြင့် အစွယ်ကောင်းတာနဲ့ ကွန်မြူနစ်ပြန်ဖြစ်သွားတာလို့ သခင်တင်မြ က
သူု့ရဲ့ဘုံဘ၀မှာဖြင့်ထက်ခြပ်မကွာ..ဆိုတဲ့စာအုပ်မှာရေးပြခဲ့တယ်။ ကွန်မြူနစ်
ဦးကြည်းမြင့်ကိုလည်း စစ်ဗိုလ်ချုပ်ကြီးက သူ့အိမ်ပေါ်ခေါ်တင်ထားလေသတဲ့။
ဗိုလ်ချုပ်နေ၀င်းက ကြိုးရှည်ရှည် နဲ့ လွှတ်ပေးလိုက်တာ။ ဗိုလ်ချုပ်ကျော်ဇော်
ကိုယ့်ကိုယ်ကိုကိုယ် ချည်ပြီးတုတ်ပြီးသား။
ဘိန်းစွဲဖူးတဲ့သူကို ဘိန်းပစ်ပေးလိုက်တာ။
ဗိုလ်ချုပ်ကျော်ဇော်က
ဦးကြည်းမြင့်ကို ပြော။ ဦးကြည်းမြင့်ဗဟိုကိုသတင်းပို့ပေါ့။
ကွန်မြူနစ်ဗဟိုကော်မီတီဝင် ဦးကြည်းမြင့် တချိန်က
ကွန်မြူနစ်ဗိုလ်ချုပ်တစ်ယောက် အိမ်မှာတက်နေ ..နေတာကို ဗိုလ်ချုပ်နေ၀င်း
သတိမရှိပဲနေမလား… ငကြင်းဆီ နဲ့ ငကြင်းပြန်ကျော်လိုက်တာပဲ။
ဗိုလ်ချုပ်ကျော်ဇော် တရုတ်ပြည်ကိုပြေးတော့လည်း
တမင်သက်သက်လွှတ်ပေးလိုက်တယ်လို့ ယူဆ စရာရှိတယ်။
ဗိုလ်ချုပ်နေ၀င်း နှင့် ဆိုရှယ်လစ်ဗိုလ်ချုပ်များ
ဗိုလ်ချုပ်နေ၀င်း
က ပထမ ကရင်ဗိုလ်ချုပ်တွေကိုရှင်းရတယ်။ နောက် ကွန်မြူနစ်ဗိုလ်ချုပ်တွေကို
ရှင်းရပြန်တယ်။ ကွန်မြူနစ်တွေ ရှင်းသွားတော့ ဆိုရှယ်လစ်ဗိုလ်ချုပ်တွေကို
ရှင်းရပြန်တယ်။ ဆိုရှယ်လစ် ခေါင်းဆောင်တွေကလည်း ဗိုလ်ချုပ်နေ၀င်းကို
ဆိုရှယ်လစ်တပ်မှူးကြီးတွေနဲ့ ၀ိုင်ရံထားတာပဲ။ ထို့အပြင် ကာကွယ်ရေးဝန်ကြီး
ဦးဘဆွေရဲ့ မယားညီအကိုက ဗိုလ်မှူးကြီးကြည်ဝင်း ၊ ပြည်ထဲရေးဝန်ကြီး
ဗိုလ်ခင်မောင်ကလေး ရဲ့ညီက ဗိုလ်မှူးကြီးခင်ညို ၊ ဦးကျော်ငြိမ်းရဲ့ ယောက်ဖ က
ဒုဗိုလ်မှူးကြီးကြည်ဟန်။ ထိုပြင် ရာထူးကြီးတဲ့ စစ်ဗိုလ်ကြီးတွေက
ပြည်သူ့အရေးတော်ပုံက ဘ၀က ယူဂျီလုပ်လာတဲ့သူတွေ။
ဆိုရှယ်လစ်ခေါင်းဆောင်တွေက လည်းသူ့နည်းသူ့ဟန်နဲ့ ဗိုလ်ချုပ်နေ၀င်း ကို လှည့် check လုပ်ထားတာပဲ။
ဗိုလ်ချုပ်နေ၀င်း
ပြီးရင် ၀ါအကြီးဆုံးက ဗိုလ်ချုပ်မောင်မောင် နဲ့ ဗိုလ်ချုပ်အောင်ကြီး။
ဗိုလ်ချုပ်မော်မောင် က လူတော်။ ပါးစပ်ကြမ်းတယ်။ ဗိုလ်ချုပ်နေ၀င်းကိုလည်း
မကြောက်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ မှာ စစ်ဗိုလ်တွေ ဖက်မလိုက်ရ ဆိုပြီး
စစ်ဦးစီးချုပ် အနေနဲ့ အသံကောင်း ဟစ်လိုက်တယ်။ အမှန်က ဦးနုကို
ကြိုကန်ထားလိုက်တာ။ ရွေးကောက်ပွဲ အပြီး အစည်းအဝေးတစ်ခုမှာ
ဗိုလ်မောင်မောင်တို့ထွက်သွားမှ ဒီအကောင်တွေ မသိဖူး ကျနော်
ရှင်းလိုက်မယ်ဆိုပြီး အယုံသွင်းလိုက်တယ်။ ဦးနုက လည်း အကွဲအပြဲ အပြီးမှာ
ဒီဆိုရှယ်လစ် စစ်ဗိုလ်တွေနဲ့ ဘယ်ဝင်ကျ ပါ့မလဲ။ ၁၉၅၈ခု ဗိုလ်ချုပ်နေ၀င်းကို
အာဏါလွှဲဖို့ ဖြစ်ရတုန်းက ဦီးနု နဲ့သွားဆွေးနွေးတုန်းက ဗိုလ်ချုပ် (၃) ဦးက
ဗိုလ်မောင်မောင် ၊ ဗိုလ်အောင်ကြီး ။ ဗိုလ်တင်ဖေ။ ဦးနုကို အယုံသွင်းဖို့
ဗိုလ်ချုပ်နေ၀င်း ကသံလျှင်စွန်း ရေတပ်စခန်းမှာ ဗိုလ်မှူးချုပ်မောင်မောင် ၊
ဗိုလ်မှူးချုပ်အောင်ရွှေ နဲ့ ဆိုရှယ်လစ်တပ်မင်း တွေကို မင်းတို့ထွက်မလား
ငါထွက်ရမလားဆိုပြီး ခြဲပစ်ပြီး ဆိုရှယ်လစ် တပ်မင်းကြီးတွေကို တပ်ကထုတ်ပြီး
သံအမတ်နဲ့ ဘန်ကေးလိုက်တာ။ ဒါဦးနု နဲ့ ပထစ အစိုးရကို အယုံသွင်းဖို့
ထိုးကျွေးလိုက်ပြီး အန္တရယ်ကိုရှင်းလိုက်တာ။ ဗိုလ်ချုပ်အောင်ကြီးကိုတော့
အသာလေး ဆွဲစေ့ ထားလိုက်သေးတယ်။
ဒါကြောင့် ၁၉၆၂ ခုနှစ်
အာဏါသိမ်းတော့ ဦးနု က ဗိုလ်နေ၀င်းသိရဲ့လား။ ဗိုလ်နေ၀င်း သိရင် အားလုံး
အားလုံးအဆင်ချော သွားမှလို့ ယူဆပြီး အိပ်ပျော်သွားတယ်လို့ ဦးတင်မောင်ဝင်း က
သူ့ရဲ့ စာအုပ်မှာရေးပြခဲ့တယ်။ အာဏါသိမ်းမဲ့ ညမှာလည်း တရုတ်ပြည်က
.ယဉ်ကျေးမှု အကပွဲကို ည ၁၂ နာရီ အထိ သွားကြည့်နေလိုက်သေးတယ်။ ဒါ Military
Diversion ပဲ။
ဆိုရှယ်လစ် ဗိုလ်ချုပ်တွေကို ရှင်းပြီးမှ နိုင်ငံရေးအရောင်မရှိတဲ့ ဂျပန်ခေတ်စစ်တက္ကသိုလ်က လူတွေကို ကိုင်ပြီး စစ်တပ်ကို ကိုင်တာပဲ
ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်ချုပ်နေ၀င်း
ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်ချုပ်နေ၀င်း တို့ ကွာခြားပုံ နဲ့ ခြားနားပုံ ကို လူငယ်လေးတွေကို သိစေချင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမား။ တော်လှန်ရေး နဲ့မှ နိုင်ငံရေး အဖြေရှာရ နိုင်မယ် ဆုံးဖြတ်လို့ စစ်တပ်ကိုထောင်ရတာ။
ဗိုလ်ချုပ်နေ၀င်း
က စစ်သား။ အစိုးရ အာဏါမတည်ငြိမ်တဲ့ အချိန်မှာ စစ်တပ် ရဲ့ role နဲ့ အာဏါ
ကြီးထွားလာတာကို နိုင်ငံရေးအမြတ်ထုတ်တတ် တဲ့ နိုင်ငံရေးကျား။ နိုင်ငံရေး
ကစားကွက် ကျွမ်းတဲ့ စစ်သား။
ဗိုလ်ချုပ်အောင်ဆန်းက
နိုင်ငံရေးသမား စစ်စစ်ဖြစ်တာကြောင့် စစ်တပ်ကို စွန့်လွှတ်ပြီး ဖဆပလ
ကိုဦးဆောင်ပြီး နိုင်ငံ့လွပ်လပ်ရေး အတွက် နိုင်ငံရေးတိုက်ပွဲဝင်ခဲတဲ့
နိုင်ငံရေးသမား။
ဗိုလ်ချုပ်နေ၀င်းက ဖဆပလ ဖွဲ့စဉ်က ပါခဲ့တဲ့
founder တစ်ဦး။ ထို့ပြင် ဆိုရှယ်လစ် စဖွဲ့တော့ပါခဲ့တဲ့ သူ။ သို့သော်
အားလုံက ထွက်ပြီး စစ်တပ်ကို ပြန်သွားပြီး စစ်တပ်ကို အားယူခဲ့တဲ့ စစ်သား။
ရည်မှန်းချက်ခြင်း မတူကြဖူး။
ဒါကြောင့် base မတုကြဖူး။
ဗိုလ်ချုပ်အောင်ဆန်း
က အားလုံးအတွက် ၊ တိုင်းပြည်အတွက်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (လူတန်းစား)
မရှိဖူး။ အားလုံး (ပြည်သူ) ပဲ။ အာဏါက ပြည်သူစီမှာ
ဗိုလ်ချူပ်နေ၀င်း ရဲ့ base ကစစ်တပ်။ ဒါကြောင့် အာလုံးဟာ စစ်တပ်အတွက်။ မဆလ ခေတ်မှာ ကေတာတွေဟာ စစ်သားပဲ။ အာဏါက စစ်တပ်မှာ
(မှတ်ချက်။
ကွန်မြူနစ်တွေရဲ့ base က ပစ္စည်းမဲ့ အမည်ခံ ကွန်မြူနစ် ကေတာတွေ။ အာဏါက
ကွန်မြူနစ်ပါတီစီမှာ။ Exclusive နဲ့ Inclusive ကွာတာကို သတိပြုစေချင်တယ်။)
ဆိုရှယ်လစ်ဗိုလ်ချုပ် များနှင့် ကွန်မြူနစ်ဗိုလ်ချုပ်များ
စစ်တပ်
ရဲ့ အစဦးနှစ်တွေမှာ လက်ျာသမား (Rightist) ကရင်စစ်ဗိုလ်တွေကို
ရင်ဆိုင်ဖို့ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ် စစိဗိုလ်တွေပေါင်း ခဲ့ရတယ်။
သို့သော် အချင်းချင်း ကြိပ်ပြိုင် ခဲ့ကြတယ်။
ဒီမှာ အရေးအကြီးဆုံး အချက်က တပ် ကိုစည်းရုံး နိုင်မှုပဲ။
ဆိုရှယ်လစ်စစ်ဗိုလ်တွေအထဲမှာ တပ်ကိုင်ပြီးစည်းရုံးခွင့်ရတာက ဗိုလ်နေ၀င်း။ သူ့ကိုခြံရံထားတာက ဗိုလ်မောင်မောင် နဲ့ ဗိုလ်အောင်ကြီး
ဗိုလ်နေ၀င်း နဲ့အပြိုင် တပ်ကိုကိုင်ခွင့်ရတာက ဗိုလ်ဇေယျ။
ကွန်မြူနစ်စစ်ဗိုလ်တွေ
ဖြစ်ကြတဲ့ ဗိုလ်ဇေယျ ၊ ဗိုလ်ကျော်ဇော ၊ ဗိုလ်ရဲထွဋ် (၃) ယောက်လုံးဟာ
တပ်တွေကိုကိုင်ခွင့် ရရုံမက သခင်စိုးကြီးရဲ့ တောင်းဆိုချက်အရ သခင်တင်မြ ကို
စစ်ယူနီဗေါးင်းဝတ်ပြီ တပ်ထဲမှာဗြောင် စည်းရုံးခွင့် ဗိုလ်ချုပ်အောင်ဆန်းက
ခွင့်ပေးခဲ့ရတာပဲ။ ဆိုရှယ်လစ် တွေဖက် က ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီး
တို့ ကတာဝန်ယူကြတယ်။
ဂျပန်ခေတ် BIA ခေတ်ကဖွဲ့တဲ့ တပ်ရင်း (၂)
ရင်း ၊ BDA က စံပြတပ်ရင်း ၊ အင်္ဂလိပ် ပြန်အ၀င် ပြန်ဖွဲ့တဲ့ တပ်ရင်း (၃)
ရင်းမှာ ဗိုလ်နေ၀င်းက တပ်ရင်း (၄) ကျန်တဲ့ နှစ်ရင်း က ဗိုလ်ဇေယျ နဲ့
ဗိုလ်ကျော်ဇော်တို့ က ဦးစီးတာပဲ။ နောက် ဗိုလ်ရဲထွဋ်က တပ်ရင်းမှူးဖြစ်တာပဲ။
ဘာကြောင့်
ဗိုလ်နေ၀င်း က တပ်ရင်း (၄) ကိုအသေပိုင်ပြီး ကွန်မြူနစ် စစ်ဗိုလ်ကြီးတွေက
မိမိတပ်ကို အပိုင်မကိုင်နိုင်ကြတာလဲ ဆိုတာကို စာရေးသူ သိပ်သိလိုတယ်။
ဗိုလ်မှူးကြီးချစ်မြိုင် နဲ့ အင်တာဗျူး
ပြီးခဲ့တဲ့ ၂၀၁၂ မေလ က စာရေးသူ အမေရိကန်ပြန်သွားတော့ ဗိုလ်မှူးကြီးချစ်မြိုင် နဲ့ စကားပြောခွင့်ရခဲ့တယ်။
ဗိုလ်မှူးကြီးချစ်မြိုင်
ဟာ ဗိုလ်ဇေယျ နဲ့ ဗိုလ်ရဲထွဋ်တို့ တောခိုကြတော့ Burma Rifle (3) ရဲ့
ဒုတပ်ရင်မှူး (2IC) ။ တပ်ရင်း (၃) စဖွဲ့ကာစ မှာ တပ်ရင်မှူး က
ဗိုလ်မှူ်းကျော်ဇော်။ တောခိုကြတဲ့ အချိန်မှာ ဗိုလ်ရဲထွဋ် က တပ်ရင်းမှူး။
သို့သော် ဗိုလ်ချစ်မြိုင် က တပ်ရင်း (၃) ကိုပိုင်ပိုင်နိုင်နိုင်
ကိုင်ထားနိုင်ပြီး သူ့ကြောင့် တပ်ရင်း (၃) တော်မခိုတာ။ နောက်
ရန်ကုန်သိမ်းဖို့ တောင်ငူ ကဆင်းလာတဲ့ ကရင် တပ်တွေ ကို ပဲခူးအနီးမှာ တပ်ရင်း
(၃) ခံတိုက်လို့ အင်းစိန်က ကရင်တပ်တွေနဲ့ မပေါင်းမိလို့ ရန်ုကုန်မကျတာ။
ဦးနေ၀င်း အာဏါသိမ်းတော့ တော်လှန်ရေးကောင်စီမှာ ဗိုလ်မှူးကြီးချစ်မြိုင်ကို
ကြိုတင်အသိ မပေးပဲ ထဲ့ထားတယ်။ အကြောင်း က ဗိုလ်ချစ်မြိုင်က ဗိုလ်နေ၀င်း
ခိုင်းတိုင်း လုပ်ချင်မှလုပ်တာ။ ဒါကြောင့် အစောကြီး ယူကိုစလပ် ကို
သံအမတ်အဖြစ် အပို့ခံရပြီး သားသမီးတွေရှိရာ အမေရိကားမှာ အခြေချ နေတာ။ စာရေးသူ
ရဲ့အမြင်မှာ ဗိုလ်မှူးကြီး ချစ်မြိုင် ဟာ တိုင်းပြည်အတွက်
အသက်ပေးတိုက်ခဲ့တဲ့ တော်လှန်ရေးသမား အပြင် တိုင်းပြည် ရဲ့
သူရဲကောင်းတစ်ဦးပဲ။
စာရေးသူက
သိချင်တဲ့အချက်ကို ထဲ့ထိုးပဲမေးတယ်။ ကွန်မြူနစ်စစ်ဗိုလ်တွေဟာ
သူတို့ကိုင်ရတဲ့ တပ်တွေကို ဗိုလ်နေ၀င်း တပ်ရင်း (၄) ကို အသေပိုင်
သလိုဘာကြောင့် မကိုင်နိုင်တာလဲလို့ မေးတယ် ။ စစ်သားဆိုတော့ ပြတ်ပြတ်ပဲ
ဖြေတယ်။ မသိဖူးတဲ့။
စာရေးသူက ဗိုလ်ချုပ်ကျော်ဇော်သမီး နဲ့
ဗိုလ်မှူးကြီးချစ်မြိုင် သမီး တို့ အဆက်အသွယ်ရှိတာကို သိထားတယ်။ ဒါကြောင့်
သိချင်တာကို တဲ့ထိုးပဲ ထပ်မေးတယ်။ အန်ကယ် ဗိုလ်ချုပ်ကျော်ဇော် နဲ့ ခင်သလား။
မခင်ဖူးတဲ့။ ထပ်ပြီး ကွန့်မေးတယ်။ အန်ကယ် က တပ်ရင်း (၃) ကပဲ။ ဘယ်လို
တပ်ရင်း (၃) ကိုရောက်တာလဲ လိုမေးတော့မှ ….ဗိုလ်ကျော်ဇောက က ကွန်မြူနစ်လို့
နံမည်ကြီတယ်။ သိလည်းမသိဖူး။ ။ နောက် သူလုပ်ချင်တာလုပ်တယ် လို့သတင်း
ရှိတယ်။ ဒါကြောင့် မသွားချင်ဖူး။ တပ်တွေဖွဲ့ပြီး ၄ -၅ လလောက်နေတော့
ဗိုလ်နေ၀င်း နဲ့ မေမြို့မှာတွေ့တော့ အန်ကယ်မေးကြည့်တော့ ဗိုလ်ဇေယျရော
ဗိုလ်ကျော်ဇော်ရော ဗိုလ်နေ၀င်းရော လိုချင်တယ်။ နောက်ဆုံး ဗိုလ်ကျော်ဇော်
နဲ့ ဗိုလ်ဇေယျ ငါးမူးစေ့ တစေ့ နဲ့ ခေါင်းပန်းလှန်တော့
ဗိုလ်ကျော်ဇော်ရသွားတယ် လို့ပြောတယ်..တဲ့….
ဒါဆိုတပ်ရင်း (၃)
မှာ ဗိုလ်ကျော်ဇော်က တပ်ကို ကိုင်နိုင်ဖို့ မစည်းရုံးဖူးလားမေးတော့ ….
စည်းရုံးတယ်။ သူက တပ်ခွဲ အရာခံဗိုလ်တွေက တဆင့် ကိုင်ဖို့ကြိုးစားတယ်။
အဲဒီတုန်းက ဗိုလ်ချစ်မြိုင်က C Company ၊ ဗိုလ်သောင်းကြည်က A Company
ကိုင်ရတယ်။ ဗိုလ်ထွန်းစိန် ၊ ဗိုလ်တင်မောင် (စာရေးဆရာမြတ်ထန်)် ၊
ဗိုလ်စန်းယု တို့လည်း ရှိကြတယ်။ အန်ကယ်တို့ ကတပ်ကြပ်ကြီးတွေက
တဆင့်ကိုင်ထားတယ်။ ဒါကြောင့် တပ်ကို မကိုင်နိုင်တာလို့ဖြေတယ်။
နောက်ဗိုလ်ကျော်ဇော်က အင်္ဂလိပ်စာတတ်အောင် ကြိုးစားတယ်။ သင်တန်းတွေ
သွားတက်တယ်။ သူသင်တန်း သွားတက်ရင် အန်ကယ်တို့ က တပ်ကိုနိုင်အောင်
ကိုင်ကြတာပဲ လို့ပြောလာတယ်။
ဆက်ရန် ... အပိုင်း (၄)
No comments:
Post a Comment