သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, July 16, 2012

ကွန်မြူနစ်နှင်.ဆိုရှယ်လစ်ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)အပိုင်း ၂

ဂျပန်ကလွပ်လပ်ရေးပေးပြီ

ဂျပန်ကလွပ်လပ်ရေးပေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ် (Major General) ဖြစ်လာကာစစ်ဝန်ကြီးရာထူးပါရလိုက်သည်။ ဗိုလ်စကြာက ဒုဝန်ကြီး။ ဗိုလ်လက်ျာက တပ်များကိုစနစ် တကျနေရာချထားရေး အတွက်တာဝန်ယူရသော စစ်ဖက်ရေးရာဗျူရို အကြီးအကဲလာဖြစ်ကြသည်။ နှစ်ယောက်စလုံး ဗိုလ်မှူကြီးရာထူးနှင့်။ ဗိုလ်ဇေယျ က (ဒု) ဗိုလ်မှူးကြီးရာထူးနှင့် မင်္ဂလာဒုံဗိုလ်သင်တန်း ကျောင်းအုပ်လာဖြစ်ချိန်တွင် ဗိုလ်နေ၀င်းကို ဗိုလ်ချုပ်အောင်ဆန်းက သူ၏နေရာ စစ်သေနာပတိချုပ် အဖြစ်ရွေးချယ်လိုက်သည့် အတွက် … ဗိုလ်မှူးမှ တဆင့်ကျော်ကာ ဗိုလ်မှူးကြီးဖြစ်လာပါသည်။ (ဗိုလ်မှူးချုပ် မောင်မောင်စာအုပ် - စာမျက်နှာ ၈၄-၈၅)


အရေးအကြီးဆုံး ပထမ ရွှေ့ကွက်

ရဲဘော် (၃) ကျိပ်ကိုလွှတ်သော ပြည်သူ့အရေးတော်ပုန်အဖွဲ့တွင် အင်္ဂလိပ်ကို ပြန်တိုက်ရန် ..ဂျပန်မ၀င်ခင် ကတည်းက ယူနစ်အဖွဲ့များဖွဲ့လျက် မြေအောက်တော်လှန်ရေးကို ဆင်နွှဲခဲ့ပြီဖြစ်သည်။ BIA ၀င်လာသောအခါ . ဤယူနစ်အဖွဲ့ဝင်များသည် လည်း BIA သို့ဝင်ခဲ့ကြသည်။ ပြည်သူ့အရေးတော်ပုံ PRP စစ်ရေးဌါနခွဲကိုကြည့်လျှင် အားလုံးလိုလို စစ်တပ်ထဲရောက်နေကြသည်။ ဆေးကျောင်းသား ကိုမောင်မောင် နှင့်ကိုအောင်ကြီးတို့ အားလုံးစစ်တပ်ထဲသို့ဝင်ကြရုံမက ရဲဘော် (၃) ကျိပ်ဝင်များပြီးလျှင် ဗိုလ်ကြီးရာထူး ရလျက်ရှိသော (ထိုစဉ်က) အဆင်မြင့်စစ်ဗိုလ်များပင် ဖြစ်လျက်ရှိပြီ။ ဤစစ်ဗိုလ်များ သည် ပြည်သူ့အရေးတော်ပုံ ယူနစ်အဖွဲ့များမှ လာသောကြောင့် တပ်တွင်းတွင် (ယူနစ်) ဟုသိကြသည်။ (ဦးသိန်းဖေမြင့်၏ ကျော်ငြိမ်း စာမျက်နှာ ၆၂)

ဤ ယူနစ်အဖွဲ့ ၀င်များသည် PRP ဌါနချုပ်တွင် ဂျပန်မ၀င်ခင်မြေအောက် လှုပ်ရှားကြရာမှ ..ဗိုလ်နေ၀င်းနှင့် နီးစပ်ကြသည်။

ထို့ပြင်အရေးကြီးသော အချက်မှာ ….. ဂျပန်ဝင်ပြီး ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တော်လှန်ရေးခေါင်းဆောင်များမှာ အိမ်ထောင်ကျကုန်ကြသည်။ ယူနစ်အဖွဲ့မှ ဗိုလ်ကြီးမောင်မောင် တို့ဦးဆောင်သော ဗိုလ်ငယ်တွေက ဂျပန်ကိုတော်လှန်ချင်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်တွေက အချိန်မကျသေးပဲ ဂျပန်ကိုတော်လှန်ဖို့ မသင့်ဟုယူဆကြသည်။ ကိုကျော်ငြိမ်းကို စည်းရုံးပြန်ရာ ဗိုလ်ချုပ် အောင်ဆန်းကိုထောက်ခံ၍ အချိန်မပေး။ ထို့ကြောင့်ဤ ဗိုလ်ငယ်များက ဗိုလ်နေ၀င်းကို ခေါင်းဆောင်တင်ရန်ကြံကြပြန်သည်။ (ဗိုလ်ချုပ်မောင်မောင် စာမျက်နှာ ၁၁၈)

ရဲဘော် (၃) ကျိပ်ဝင်များတွင် ထိပ်ပိုင်းခေါင်းဆောင်များသည်သာ ကောလိပ်ကျောင်းသားများဖြစ်၍ အောက်ပိုင်း အများစုမှာ သခင်ချစ် နှင့် နီးကြသည်။ ထို့ပြင် သခင်စိုးကြီးကလည်း ဂျပန်ခေတ်တွင် ဒလစပ် စီးရုံးရေး ဆင်းလျက်ရှိသည်။ ယူနစ်အုပ်စု က ကွန်မြူနစ်စနစ်ကိုလက်မခံကြ။

ထို့ကြောင့် Factional politics အရ စစ်တပ်အတွင်း ယူနစ် အဖွဲ့ဝင်များနှင့် ရဲဘော် (၃) ကျိပ်များအတွင်း အားပြိုင်မှုရှိကြသည်။

ထို့ပြင် … ဗိုလ်လက်ျာ နဲ့ ဗိုလ်နေ၀င်း က မတဲ့ကြ

ဂျပန်က လွပ်လပ်ရေးပေးပြီး..မကြာမှီမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် (၃) ကျိပ်ဝင်တို့တွေ့ကြသည်။ တချို့ က ရာထူးမတက်နိုင်ပဲ ဗိုလ်ကြီးမှာပင် တစ်နေကြသည်ကို ၀ိုင်းတိုင်ကြသည်။ ထိုအစည်းအဝေးပွဲတွင် ဗိုလ်နေ၀င်းတင်ပြဆွေးနွေးသည်ကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံခဲ့သည်။ ဂျပန်ကို အဦးဆုံးရောက်သော ရဲဘော်များမှအပ ကျန်ရဲဘော်များမှာ စစ်ပညာကိုဆုံးခမ်းထိတိုင် မသင်ခဲ့ကြရ။ စစ်ရေး ဗျုဟာ military tactics ကို မသင်ခဲ့ကြရ။ ထို့ကြောင့် ရဲဘော် (၃) ကျိပ်တို့ကို မွမ်းမန်သင်တန်းပြန်ပေးရန် အကြံပြုရာ ဗိုလ်ချုပ်အောင်ဆန်းက သဘောတူလိုက်ရာ … ဗိုလ်ရဲထွဋ်မှအပ ..ဗိုလ်ကျော်ဇော်၏ စံပြတပ်ရင်းတွင် သင်တန်းပြန်တက်ကြရသည်။ စနစ်တကျ စစ်သင်တန်းမတက်ရသေးသော ဗိုလ်မောင်မောင်တို့ကဲ့သို့သော ယူနစ်စစ်ဗိုလ်များလည်း စံပြတပ်ရင်းတွင် သင်တန်း တက်ကြရသည်။

ထိုစဉ်က တပ်ရင်းများ၏ တပ်ရင်းမှူးနှင့် ဒုတပ်ရင်မှူးများမှာ ရဲဘော် (၃) ကျိပ်ဝင်များသာဖြစ်ကြသည်။

သင်တန်းပြန်တက်ရန် တပ်များကိုလက်လွှတ်လိုက်ကြရသည်။ တပ်မှူးနေရာ အစားထိုးဝင်ယူကြသော ဗိုလ်များမှာ BIA ခေတ်တွင် အရေအချင်းပြနိုင်ခဲ့သော ယူနစ်ဗိုလ်များဖြစ်ကြသည်။ (ဗိုလ်ချုပ်မောင်မောင် စာမျက်နှာ (၈၅ )။

ဘတပြန် ၊ ကျားတပြန်

ဗိုလ်နေ၀င်းကို မကျေနပ်သော ဂျပန်ပြန် များသည် ဗိုလ်လက်ျာမှတဆင့် ဗိုလ်နေ၀င်းနှင့် ၎င်း၏လက်ရွေးစင် စစ်ဗိုလ်များ လက်ထဲသို့သာ စစ်တပ်ကိုမထားသင့်ကြောင်း သတိပေး သောအခါ.. ဗိုလ်ချုပ်အောင်ဆန်းက စစ်ဆင်ရေးအတွက် စစ်ဦးစီချုပ် Commander-in-chief ထားသည့် စနစ်အစား အင်္ဂလိပ်တို့၏ ပုံသဏ္ဍန်ကို အတုယူ၍ စစ်ဝန်ကြီးအောက်တွင် စစ်အရာရှိချုပ် Chief-of-staff ထားသောစနစ်ကို ပြောင်းဖွဲ့၍ ဗိုလ်နေ၀င်းကို ရန်ကုန်ဌါနချုပ်သို့ ပြောင်းစေသည်။ အစက အစီအစဉ်မှာ စစ်ဦးချုပ် ဗိုလ်နေ၀င်းရုံးကို စံပြတပ်နားတွင်ထား၍ ဗိုလ်နေ၀င်းက ကြီးကြပ်ရန်ဖြစ်သည်။ု

ဤ..တစ်ကွက်..ထဲနှင့် …တပ်များသည် … စံပြတပ်ရင်းမှအပ ..ဂျပန်ပြန်များမှ ..ဗိုလ်နေ၀င်းနှင့်အလျင်းသင့်သော ..ယူနစ်စစ်ဗိုလ်များအောက် ရောက်ရှိလာကာ..ဗိုလ်နေ၀င်း၏ အခြေအနေသည် ခိုင်မာခွင့်ရလာသည်။ စစ်ဗိုလ်များကို ပညာအရေအချင်းနှင့် စစ်ချ လိုက်သောအခါ … ဂျပန်ပြန် ..အများစု မှာ တဖြေးဖြေး အင်အားလျော့ကုန်ကြသည်။


ဗိုလ်လက်ျာ

ဗိုလ်လက်ျာ သည် တက္ကသိုလ်သမဂ္ဂမှ တက်လာကာ ..ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်နှီး၍သာ ကွန်မြူနစ် ဆဲလ် စဖွဲ့ရာတွင် ပါဝင်ခဲ့သည်။ ကွန်မြူနစ် စနစ်ကို ယုံကြည်သူဟု မဆိုနိုင်။ ကိုလှဖေ (နောင်ဗိုလ်လက်ျာ) နှင့် ကိုသိန်းဖေတို့ အိန္ဒြိယ သို့စာသင်သွားသောအခါ .. ကျောင်းသားသမဂ္ဂခေါင်းဆောင်မှတဆင့် .. ထို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသော သခင်အောင်ဆန်း က ထိုစဉ်ကာလက ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဖြစ်နေသော ကွန်မြူနစ် (Study Group) အဖွဲ့စဖွဲ့ နိုင်ရန်.. လေ့လာဖို့မှာလိုက်သည်။ ကိုသိန်းဖေတို့ က အိန္ဒြိယကွန်မြူနစ်ပါတီ (ဘင်္ဂါလီဌါနခွဲ) နှင့် အဆက်အသွယ်ရကာ မြန်မာနိုင်ငံတွင် ကွန်မြူနစ် ဆဲလ်စဖွဲ့နိုင်ရန် အကူအညီတောင်းသည်။

ထိုစဉ်က ကွန်မြူနစ် ကမ္ဘာ၏ ဘုရားသခင်မှာ စတာလင်နှင့် ရုရှားကွန်မြူနစ်တွေဖြစ်သည်။ ဘာလုပ်လုပ် ကွန်မီကွန်ဟုခေါ်သော ရုရှားတွေကြိုးကိုင်ထားသော နိုင်ငံတခါကွန်မြူနစ်အဖွဲ့ကို အသိပေးရသည်။
ထို့ကြောင့် ကွန်မီကွန်၏သဘောတlူညီချက်ဖြင့် ကုလားစည်းရုံးရေးသမား ရန်ကုန်ရောက်လာရာ သခင်အောင်ဆန်း ၊ သခင်စိုး ၊ သခင်သိန်ဖေ တို့နှင့်တွေဆုံပြီး ကွန်မြူနစ်ဆဲလ်ဖွဲ့နိုင်ရေးကို ဆွေးနွေးကြရာ ကိုဗဟိန်း၏ အိမ်တွင်လည်း ဆွေးနွေး ကြသလို ၊ နောက်ဆုံး ဘားလမ်းက သခင်သိန်းဖေအိမ်တွင် ဖွဲ့ဖြစ်ကြသည်။ သခင်သိန်းဖေသည် တဇွတ်ထိုး လုပ်တတ်သော ဥါဉ်ရှိသည်။ ဤသို့ ကွန်မြူနစ်ဆဲလ် ဖွဲ့ရေးအတွက်ကြိုစားနေတဲ့ ကာလ မတိုင် မှီမှာပင် ..သခင်သိန်းဖေက ၎င်း၏လုပ်ဖေါ်ကိုင်ဖက်ရောင်းရင်များကို မတိုင်ပင် ၊ အသိမပေးပဲ နိုင်ငံရေးသမား ဟောာင်းကြီးတစ်ယောက်နှင့် သွားဆွေးနွေးသည်။ တချို့ က ဦးပုဟုဆိုသည်။ တချို့က ဦးစော ..ဟု.. ဆိုကြသည်။ မြန်မာနိုင်ငံတွင် ကွန်မြူနစ်ဆဲလ် ဖြစ်မြောက်ရေးတွင် သခင်သိန်းဖေသည် အဓိကအခန်းမှ ပါဝင်ခဲ့ရသော်လည်း ၊ ၎င်း၏ တဇောက်ကန်း လုပ်တတ်သော အကျင့်ကြောင့် ၎င်းကို ပထမဦးဆုံး ဖွဲ့သောဆဲလ်တွင် ပါဝင်ခွင့် ..မပြုကြ။ ၎င်း၏ရောင်းရင် ကိုလှဖေ (နောင်ဗိုလ်လက်ျာ) မှာ Founding member အဖြစ်ပါလာရသည်။

သခင်အောင်ဆန်း၏ Modus Operandi ဟုခေါ်သောလုပ်နည်း လုပ်ထုံးမှာ သူကရှေ့ဆောင်၍ ဦးဆောင်ကာ တာဝန်ခံနေရာယူတတ်သော အကျင့်ဖြစ်သည်။ ထို့ကြောင့် သခင်အောင်ဆန်းက ကွန်မြုနစ်ဆဲလ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်လာသလို ကိုလှဖေလည်း ပါခဲ့သည်။ ထို့နောက်သခင်အောင်ဆန်းကိုယ်တိုင်က ဆဲလ်ဖွဲ့ကြပြီး ဘာမှမဖြစ်ဟု ၀န်ခံထားသလို တချိန်က သူဟာ ကွန်မြူနစ်ဝါဒကိုယုံပါတယ်။ ဒါပေမဲ့ အခုတော့ ကျနော့်မှာဘာမှ မရှိတော့ဖူးလို့ ၀န်ခံခဲ့သည်ပဲ။ (စစ်ကိုင်းဟန်တင်၏ ဗိုလ်ချုပ်အောင်ဆန်း ရှားပါးမိန့်ခွန်းများ ၊ စာမျက်နှာ (၁၆၇)။ ထို့အပြင် သခင်စိုးရဲ့ လက်ဝဲ အင်းစိန်စာတမ်းအရ ကွန်မြူနစ် တွေအဖို့ ဖက်ဆစ်နှင့် မပေါင်းနိုင်။ အင်္ဂလိပ် ပြန်အ၀င်ကိုသာ စောင့်ကြရန်ရှိတော့သည်။ ကွန်မြူနစ် ဆဲလ် စဖွဲ့စဉ်က သခင်သန်းထွန်း က အလုပ်မအားဆို၍ မပါခဲ့။ နောက်မှသခင်စိုးထံ.. ခွင့်တောင်းကာ .ပါတီဝင်အဖြစ်လျှောက်ခဲ့ရသည်။

ဂျပန်ဝင်လာပြီးသောအခါ ..သခင်စိုးသည် တောပုံးကြီ စံဖဲ လုပ်ကာ ကွန်မြူနစ်ဝါဒ ဖြန့်ဝေကာ မြေအောက်အောင်းနေသည်မို့ ..သခင်စိုးသည် ကွန်မြူနစ်တို့၏ အရှင်သခင်ဖြစ်လာရသည်။

ဗိုလ်လက်ျာသည် ကွန်မြူနစ် မဟုတ်သည့်အပြင် .. စည်းကမ်းရှိမှုကို လိုလားသည်။ ထို့ကြောင့် နောင်တွင် ..အင်္ဂလိပ်စစ်ကျောင်းမှ အောင်သော စည်းကမ်းပြည့်ဝ သော ကရင်စစ်ဗိုလ်များနှင့် အလျဉ်းသင့် ကာ တော်လှန်ရေးစစ်ဗိုလ်များနှင့် ပြိုင်ဖက်လာဖြစ်သည်။ နောက်ဆုံး အင်္ဂလိပ်ဖက်လိုက်သော ကရင်စစ်ဗိုလ်တွေနည်းတူ ..တော်လှန်ရေးရဲဘော်များက (လကျာ်သမား) (Rightist) ဟုသတ်မှတ်လာကြသည်။ ထို့ကြောင့် လွပ်လပ်ရေးရပြီး ၀န်ကြီးအဖွဲ့ ကက်ဘိနက် တွင် ဗိုလ်လက်ျာက ကာကွယ်ရေးဝန်ကြီးဖြစ်လာရာ စစ်တပ်အတွင်းရှိ လက်ဝဲညီညွတ်ရေး အဖွဲ့ပင် စစ်ဗိုလ်များက ဗိုလ်လက်ျာကို ဗိုလ်နေ၀င်း နှင့်သော်၎င်း .. ဗိုလ်ဇေယျနှင့် သော်၎င်း အစားထိုးပေးရန်တောင်းဆိုလာကြသည်။ (ဦးနု၏တာတေစနေသား ၊ စာမျက်နှာ ၁၃၅)

ဦးကျော်ငြိမ်းသည် ဗိုလ်လက်ျာ နှင့် တက္ကသိုလ်သမဂ္ဂမှာ သိခဲ့ကြ၍ သံယောဇဉ်ရှိသည်။ သို့သော် အားမကိုးနိုင်။ ထို့ပြင် ဗိုလ်လက်ျာသည် ခေါင်းအလွန်မာသည်ဟုယူဆသည်။ ကွန်မြူနစ်ရန်ရှိသည်မို့ နေရာတခါတွင် စနစ်မကျနိုင်ဟု ပြောသော်လည်းမရ။  သို့သော် ဗိုလ်လက်ျာစစ်တပ်မှထွက်ပြီး စီးပွားရေးလုပ်သောအခါ သူ့ရဲဘော်ဟောင်းကို စောင့်ရှောက်ရှာသည်။

ဗိုလ်စကြာ

ဂျပန်ကလွပ်လပ်ရေး ပေးအပြီး ဗိုလ်စကြာသည် စစ် ဒုဝန်ကြီး ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း အမျှော်အမြင်ကြီးပုံနဲ့ စေတနာမှန်ပုံမှာ ကရင်တွေကို အင်္ဂလိပ်တွေက ဦးစားပေးသည်ကိုသိသည်။ ကရင်များမှာလည်း အဓိကကျသောတိုင်းရင်းသား ..အုပ်စုဖြစ်သည်။ ထို့ကြောင့် ကရင်ဗမာဆက်ဆံရေးအတွက် အင်္ဂလိပ်က ကောင်းစွာသင်တန်းပေးခဲ့သော ကရင်စစ်ဗိုလ်နှစ်ဦး စောကြာထိုး နှင့် စောစံဖိုးသင် တို့ကို မဟာမိတ်ပြု နိုင်ခဲ့သည်။ စောကြာထိုး သည် နံမည်ကျော် အင်္ဂလိပ်ဗိုလ်သင်တန်းကျောင်း Sandhurst ကျောင်းဆင်းဖြစ်သည်။ စောစံဖိုးသင်သည် reserved officer ဖြစ်သည်။ ဗိုလ်စကြာသည် နောက်ချန် ကျန်ခဲ့သော ဗိုလ်မှူး စီဂရန် Major Seagrim ကဆင့် ကရင်စစ်ဗိုလ် နှစ်ဦး နှင့် အဆက်အသွယ်ရခဲ့သည်။ ဗိုလ်မှူးစီဂရန်သည် ကရင်နယ်မြေတွင် ခိုအောင်းကာ ဂျပန်များကို တော်လှန်ရင်း မြေအောက်လှုပ်ရှားလျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်စစ်ဗိုလ်နှစ်ဦးအား ဗိုလ်စကြာက တဆင့်အဆက်အသွယ်ရ၍ မိမိအိမ်တွင် ထမင်းစားဖိတ်ခါ နောင်တိုင်းပြည်အပေါ်အမြင် ၊ ဂျပန်တော်လှန်ရေးတွင် စစ်တပ်၏ပါဝင်နိုင်စရာ နှင့် တိုင်းပြည်အကျိုးကိုကြည့်၍ ဗမာ့တပ်မတော်တွင် ကရင်တပ်ဖွဲ့ရန်အဆိုပြုခဲ့ရာ ကရင်စစ်ဗိုလ်နှစ်ဦးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတွဲလုပ်ရန် သဘောတူခဲ့ကြသည်။ (ဗိုလ်ချုပ်မောင်မောင်စာအုပ် စာမျက်နှာ ၈၈)

ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကတိအတိုင်း BDA ဗမာ့တပ်မတော်တွင် ကရင်ခြေလျှင်တပ်ရင်းတစ်ရင်းကို ဖွဲ့ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အမြင်ကျယ်ပုံ နှင့် တိုင်းရင်သားတွေအပေါ် ရိုးသားပုံတို့ကို အသိမှတ်ပြု အတုယူစေချင်သည်။

ဂျပန်က ဗိုလ်စကြာ မဟာမိတ် ဗိုလ်မှူးစီဂရန် နှင့် ဆက်တာ အနံ့ရသွား၍ ကင်ပေတိုင်က ဖမ်းမည်တကယ်ကယ်လုပ်နေရာ ဗိုလ်ချုပ်တို့ က စစ်သံမှူးအဖြစ် ဂျပန်နိုင်ငံသို့ ပို့လိုက်ရသည်။ ဗမာပညာတော်သင် စစ်ဗိုလ်လောင်းများ ဂျပန်တွင် သောင်တင်သောအခါ ဗိုလ်စကြာကပင် အကာအကွယ် နှင့် အကူအညီပေးခဲ့ရသည် (ဗိုလ်မှူးကြီးစောမြင့်မှတ်တမ်း - စာမျက်နှာ ၁၄၂ ၊ ၁၄၅ )။ ဗိုလ်စကြာ၏ ဒုဝန်ကြီးနေရာကို အစားမထိုးကြတော့။

ဗိုလ်နေ၀င်း နှင့် ဗိုလ်ဇေယျ

ဗိုလ်နေ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးကျော်ငြိမ်း ၊ ဦးဗဆွေ ၊ သခင်သန်းထွန်းတို့နှင့် (၅) နှစ်ခန့်ကြီးသည်။ ဂျပန်ပြည်သို့ စစ်သင်တန်းမသွားမှီ ဆရာဝန်သင်တန်းတက်နိုင်ရန် ကြိုးစားစဉ် ဘိုင်အို တွင်စာမေးပွဲကျ၍ ရွှေဂုံတိုင် စာတိုက်တွင်စာရေးဝင်လုပ်ရင်း ဦးလေးတော်သူ သခင်ညီကတဆင့် နိုင်ငံရေးလောကထဲရောက်လာကာ သခင်ဘစိန် - သခင်ထွန်းအုပ် ဂိုဏ်းမှ အရွေးခံရခြင်းဖြစ်သည်။ ဂျပန်တွင်အများစုမှာ ဆယ်ကျော်သက် ၊ လူမမယ်လေးများဖြစ်ကြရာတွင် ဗိုလ်နေ၀င်းက လူကြီး (mature) ဖြစ်နေပြီ။ တရုတ်ပြည်တွင် ဗိုလ်ချုပ်ကျော်ဇော်နှင့် ဆွေးနွေးရင်း သိခဲ့ရသည်ပါ။ ဗိုလ်ဇေယျ ၊ ဗိုလ်ရဲထွဋ်တို့ က အသက်ကွာသော ဗိုလ်နေ၀င်းကို အကိုကြီးဟုပဲ ခေါ်ကြသည်။

နိုင်ငံရေးနယ်ပယ်တွင် ကွန်မြူနစ်များ နှင့် ဆိုရှယ်လစ်များက အပြိုင်လာဖြစ်ကြသည်။ ၁၉၃၉ တွင် ကွန်မြူနစ်ဆဲလ်ကို ဘားလမ်းတွင် ဖွဲ့ပြီး မကြာခင်မှာ ယူဂျီ အဖွဲ့ ပေါ်လာပြီး နောင် ပြည်သူ့အရေးတော်ပုံ ပါတီမှ ဆိုရှယ်လစ်ပါတီဖြစ်လာကြသည်။

ကိုကျော်ငြိမ်း နှင့် သခင်သန်းထွန်း

ကိုကျော်ငြိမ်း နှင့် သခင်သန်းထွန်းတို့ နှစ်ဦးလုံးမှာ ပျဉ်းမနားဇာတိဖြစ်ကြသည်။ သို့သော် မန္တလေးကောလိပ်တွင် မှ ဆုံမိကြသည်။ ကိုကျော်ငြိမ်းရန်ကုန်တက္ကသိုလ်ရောက်တော့ သခင်သန်းထွန်းကလည်း ဆရာအတတ်သင်ကျောင်းတက်ရန် ရန်ကုန်ရောက်လာသည်။ ကိုသန်းထွန်းကို ကိုအောင်ဆန်းနှင့် မိတ်ဆက်ပေးသူမှာ ကိုကျော်ငြိမ်းဟု ကိုသိန်းဖေကရေးပြသွားသည်။ အဓိပတိ ဒေါက်တာဘမော်က ဓမ္မပါတီ နှင့် ထို့ဗမာအစည်းဆင်းရဲသား အစည်းအရုံး ဖွဲ့ခဲ့ကြသဖြင့် (ဦးနု၏ငါးနှစ်ရာသီဗမာပြည် စာမျက်နှာ ၁၁၁ -၁၁၂).. ထို့ဗမာအစည်းအရုံးက ခေါင်းဆောင်တွေက အသာစည်းရကာ သခင်သန်းထွန်းက ၀န်ကြီးဖြစ်လာသည်။ ကိုကျော်ငြိမ်းက ကက်ဘိနက် အတွင်းဝန် လာဖြစ်သည်။ သခင်အောင်ဆန်း ၊ သခင်သန်းထွန်း နှင့် ကိုကျော်ငြိမ်းတို့ (၃) ယောက်တွင် အဓိပတိဒေါက်တာဘမော်က သခင်သန်းထွန်းကို အရေးအပေးဆုံး။ သခင်သန်းထွန်း နှင့် ကိုကျော်ငြိမ်း တို့ ကပြိုင်ဖက်။

သခင်သန်းထွန်းက ကွန်မြူနစ်ခေါင်းဆောင် လာဖြစ်သလို ဦးကျော်ငြိမ်းက ဆိုရှယ်လစ် ၊ ပြည်သူ့အရေးတော်ပုံပါတီ PRP ခေါင်းဆောင်လာဖြစ်သည်။

ဗမာ့နိုင်ငံရေးလောက တွင် လက်ဝဲအယူအဆ ကဖုံးလွှမ်းထားသည်။ ကွန်မြူနစ် မဖြစ်သူတွေက ဆိုရှယ်လစ် လာဖြစ်ကြသည်။

ဆိုရှယ်လစ် နှင့် ကွန်မြူနစ် တွေက အပြိုင်

သဘာဝ အရတွဲမိကြပြီ

ဗိုလ်လက်ျာသာ တကယ်ကွန်မြူနစ်ဖြစ်ခဲ့ရင် … မြန်မာနိုင်ငံရဲ့ ရာဇ၀င် တမျိုးဖြစ်နိုင်စရာရှိတယ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွပ်လပ်ရေးကိုသာ အဓိက ထားသည်။ ပါတီ နှင့် ၀ါဒစွဲမရှိ။ အားလုံးကို ပါအောင်ခေါ်မည်။ INCLUSIVE ပေါ်လစီကို ကိုင်ထားသည်။

ဗိုလ်လက်ျာက ဗိုလ်နေ၀င်း နှင့် မတဲ့သော်လည်း ကွန်မြူနစ်မဟုတ်

ဗိုလ်စကြာက ဂျပန်ရောက်သွားပြီ

ဒီတော့ သဘာဝအရ ဗိုလ်နေ၀င်းက စစ်တပ်အတွင်းက ယူဂျီအုပ်စု ရဲ့ ခေါင်းဆောင်လာဖြစ်ရာက ဆိုရှယ်လစ် ဦးကျော်ငြိမ်း နှင့် လာပေါင်းဖြစ်သည်။

ဗိုလ်ဇေယျ က ကွန်မြူနစ်။ ထို့ကြောင့် သခင်သန်းထွန်းနှင့် လာပေါင်းဖြစ်သည်။

နိုင်ငံရေးတွင် သာမက စစ်တပ်အတွင်း မှာလည်း အားပြိုင်မှု လာဖြစ်ရသည်။

ဗိုလ်နေ၀င်း ဥိးကျော်ငြိမ်း တို့ သခင်စိုးနှင့်တွေ့ရပြီ

ဂျပန်ခေတ်က အန္တရယ်ကြားက မြစ်ဝကျွန်းပေါ်ဒေသတွင် မြေအောင်းကာ ဂျပန်ကိုတော်လှန်နေသူမှာ သခင်စိုးဖြစ်သည်။ ကွန်မြူနစ်ကျမ်းဂန်အမျိုးမျိုးကို ပါဋ္ဌိစကားလုံကြီးများနှင် အစားထိုး ၀ါဒ ဖြန့်နိုင် သူမှာသခင်စိုး ၊ ကျောက်ရုပ်ကိုပင်ခေါင်းငြိမ့်လောက်အောင် တရားဟောနိုင်သူမှာ သခင်စိုး။ ကွန်မြူနစ်လောကို လွှမ်းမိုးထားသောခေါင်းဆောင်မှာ သခင်စိုး

စစ်တပ်အတွင်း ကွန်မြူနစ် နှင့် ဆိုရှယ်လစ် အားပြိုင်မှုကြီးထွားလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက စိပ်ပူလာသည်။ ထို့ကြောင့် တနေ့ ဗိုလ်ချုပ်ကကိုကျော်ငြိမ်းစီ ရောက်လာသည်။ မင်းတို့အားပြိုင်တာ စစ်တပ်ထဲကို ရောက် လာပြီ။ ဒါကြောင့် မင်းနဲ့ ဗိုလ်နေ၀င်း သခင်စိုး နဲ့ သွားဆွေးနွေး။ မင်းတို့နားလည်မှုရရင် ကျန်တာတွေအားလုံး ငါတာဝန်ယူမည် ဟုဆိုလာသည်။ ထို့ကြောင့် ဦးကျော်ငြိမ်း နှင့် ဗိုလ်နေ၀င်းတို့ သခင်စိုး ပုန်းအောင်းနေရာ မြစ်ဝကျွန်းပေါ်ဒေသ သို့ ချီတက်ခဲ့ကြသည်။

သခင်စိုးက လက်နက်ကိုင်တော်လှန်ရေးကိုအားကိုးသည်။ ၁၉၁၇ အောက်တိုဘာတော်လှန်ရေးက သာဓက။ ကွန်မြူနစ်တွေ တောလှန်ရေးနှင့် အောင်ပွဲခံပြီးလျှင် စတာလင်ကဲ့သို့ ရင်ပြင်နီမှာ အလေးပြု အောင်ပွဲခံချင်သူ။ ထို့ကြောင့် ဗိုလ်နေ၀င်းကို အရေးပေး ဆက်ဆံ သည်။ ဖြစ်ချင်တော့ ဗိုလ်ရဲထွဋ်ကလည်း သခင်စိုးစီ ရောက်နေသည်။ ဦးကျော်ငြိမ်းက အိပ်ချင်ယောင်ဆောင်ကာ သခင်စိုး နှင့် ဗိုလ်ရဲထွဋ်တို့ ပြောစကားကို နားစွင့်နေသည်။ သခင်စိုးက ယာယီသာ မဟာမိတ်ပြုစရာလိုသည် ၊ နောင်တချိန် ပြိုင်ဖက်တွေုကို ချေမှုန်းပစ်ရမည်ဟု ဗိုလ်ရဲထွဋ်ကို တိပ်တိပ်သင်ပေးနေသည်။ ဦးကျော်ငြိမ်း ခေါင်းနဖန်း ကြီးသွားသည်။ မနက်မိုးလင်းတော့ ..ဗိုလ်နေ၀င်းကို နဲနဲလှမ်းရာမှာ အိမ်သာတက်ရအောင်ဆိုပြီး ခေါ်ထုတ်လာကာ ညက သခင်စိုး ဗိုလ်ရဲထွဋ်ကို သြောဝါဒ ပေးနေတာကို ပြန်ပြောပြသည်။ ဗိုလ်နေ၀င်းက ကျုပ်သိတယ်။ ဒီလူတွေရုတ်ရုတ်လုပ်လာရင် အဆိပ်ခပ်သတ်ပစ်မယ် ဆိုပြီး အဆိပ်ထုပ်ကို ထုပ်ပြသည်။ အစိုးရိမ်ကြီးပါသည်ဟု နံမည်ရှိသော ဦးကျော်ငြိမ်းက ကွန်မြူနစ် အန္တရယ် ကိုကြိုမတွေးမိ။ ဗိုလ်နေ၀င်းက ကြိုတွေးပြီးသား။ ဦးကျော်ငြိမ်းက ရင်အေးသွားသလို အထင်လည်းကြီးသွားရသည်။

(မှတ်ချက်။ မာက်စ် ကသူ့အချိန်က ဆိုရှယ်ဒီမိုကရက်များနှင့် ၀ါဒပြိုင်ခဲ့ရသည်။ လီနင် ကဆိုရှယ်ဒီမိုကရက်များမှာ အချောင်သမားများဖြစ်သည်။ ယာယီသာ မဟာမိတ်ပြုရမည်။ နောင်အောင်ပွဲခံပြီးလျှင် ချေမှုန်းပစ်ရမည်ဟုရေးပြခဲ့ဖူးသည်။ သခင်စိုးကြီးကလည်း ၎င်း၏အဖေမှာလျှင် မှာသည့်အတိုင်း လိုက်မှတ်ထားပုံရသည်။ ဤအတွေးအခေါ်မှာ စိုး-သန်း စိတ်ဓါတ်၏ အပိုင်းတစ လာဖြစ်သည်။ ယနေ့အထိ ကွန်မြူနစ် တွေအတွက် ယာယီမဟာမိတ်သာရှိသည်။ ထောင်ထဲနေခဲ့သည့် လူအများ သိခဲ့ရသော အသိဖြစ်သည်။ ကွန်မြူနစ် တွေကိုတခြားသူတွေ ..မယုံနိုင်တာ သူတို့ သတိမရှိ။ စာရေးသူ)

ဗိုလ်နေ၀င်း

ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ၊ ဗိုလ်နေ၀င်းသည် ရဲဘော် (၃) ကျိပ်တွင်ပါဝင်ခဲ့ ရုံမက ၊ ဗမာ့တပ်မတော် ကိုတည်ထောင်ရာတွင် အရေးပါသော အခန်းကန္တ မှပါခဲ့သည်။ ထို့ပြင် ယနေ့ ဗမာ့တပ်မတော် သည် ဗိုလ်နေ၀င်း ပုံသွင်းခဲ့သော တပ်မတော်ဟု ပြောလို့ ရနိုင်သည်။ ယနေ့ တပ်မတော်၏ အခန်းကန္တ သည်လည်း ပျောက်ပျယ်သွားခြင်း မရှိသေး။ တပ်မတော်၏ ဆိုင်ကီ ၊ တပ်မတော်၏ Collective thinking သို့မဟုတ် mentality ကို အမှန်အတိုင်း သိလို ၊ သုံးသပ်လိုလျှင် ဗိုလ်နေ၀င်းကို အသေးစိပ် လေ့လာဖို့လိုသည်။ တချိန်ထဲမှာ အရှိကိုအရှိ အတိုင်းကြည့်နိုင် မြင်နိုင်ဖို့ လိုအပ်သည် ဟု ထင်မိသည်။

ကွန်မြူနစ် တွေ၏ အဓိက အားနဲချက်မှာ … နိုင်ငံရေးအခြေအနေကို သုံးသပ်ရာတွင် … ၀ါဒဖြန့်ချီရေး Bubble နှင့် ၀ါဒအစွဲ က မထွက်နိုင်ကြ။ ထို့ကြောင့် ကွန်မြူနစ်ကွ ..တော်လှန်ကြ… အော်ရင်း လက်မောင်းတန်းရင်း ..အသံတွေပျောက်ခဲ့ရပြီ … နိုင်ငံရေး Quick Sand ထဲတွင် တဖြေးဖြေးနစ် ခဲ့ကြရသည်။ စစ်ဗိုလ်ဆိုတာနဲ့ နှိမ့်ချတဲ့ အကြည့်နှင့် ကြည့်ချင်ကြသည်။ စစ်ဗိုလ်ဆိုတာနဲ့ မကောင်းဆိုတဲ့ (အသိ) က အရင်ခေါင်းထဲဝင်လာသည်။ ခံစားမှု Emotion ကိုမကျော်နိုင်ကြ။

ဒီကွန်မြူနစ်တွေရဲ့ (ဒီ) အတွေးအခေါ်က လူအများတွေရဲ့ (မသိ) စိတ်မှာစွဲကပ်နေကြသည်။ လက်ဝဲ စာရေးဆရာများရဲ့ ကျေးဇူးဟု ဆိုနိုင်သည်။ ထို့ကြောင့် (ရာဇ၀င်ဖြစ်စဉ်) နဲ့ (ရာဇ၀င်အချက်အလက် - Historical Facts) ထက် မိမိ စိတ်ခံစားမှု နောက်လိုက်ကြခါ ဗိုလ်နေ၀င်း မှစ၍ စစ်ဗိုလ်တွေအကြောင်း ပြောရာ ရေးရာတွင် မကောင်းမကောင်း အော်နေမှ ကြိုက်ကြသည်။ ဆဲဆိုမှု ကလွဲလျှင် .. မကြိုက်ကြ .. အလိုတော်ကြီး တွေဟု စွပ်စွဲခြင်ကြသည်။ အချက်အလက် facts ကိုမမြင်တတ်သည့်အတွက် ရန်သူ၏ အားသာချက် ၊ အားနဲချက်ကို မမြင်နိုင်တော့။ ထို့ကြောင့် နိုင်ငံရေး အရ စစ်တပ်ကို မကျော်နိုင်ကြ။ တော်လှန်ရေး ကို တကျော်ကျော် အော်နေကြသော်လည်း ၊ ဘယ်လိုတော်လှန်ရေးကို ဆင်နွှဲရမည်ကို မကြိုးစားကြ ၊ မသိ နိုင်ကြ။ Rhetoric ကြားမှာနစ်မြောနေကြရရင်း လေတော်လှန်ရေးတွင် ရေတိမ် နစ်ခဲ့ကြရသည်။

ဗိုလ်နေ၀င်းကို ကောင်းကောင်းကြီး သုံးသပ် တတ်သူမှာ နောင်သူ့နေရာ ယူသော ဗိုလ်ချုပ်သန်းရွှေ။ ရှေ့က ဗိုလ်ချုပ်နေ၀င်း ရေးခဲ့သော အုပ်ချုပ်ရေး ကျမ်းကို ကျမ်းကြေရုံမက ဗိုလ်ချုပ်နေ၀င်း၏ အမှားမျိး ဘယ်..သောအခါမှ မမှား။ (၀) အောင်တိုင်းပြည်ကို အုပ်ချုပ်ပြီးမှ … တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းအပေါ်တင်ပေး ကာ စစ်တပ်ကို ပြန် အဖပ်ဆယ်ပေးခဲ့သည်။ တော်လှန်ရေးဆိုတာ သေးကြွနေရုံနဲ့ (မရ) အောင်မြင်အောင် တော်လှန်တတ် ဖို့လိုသည်။

ဗိုလ်နေ၀င်းကို သုံးသပ်ကြည့်ရင်.. ဗိုလ်နေ၀င်း ဟာ လူ့စိတ်သဘောထား human psychology ကိုကောင်းကောင်းနားလည်သူဟုဆိုရမည်။
နိုင်ငံရေး သမားစစ်စစ်ထက် နိုင်ငံရေး အကွက် ကိုကျွမ်းသု ဟု သုံးသပ်နိုင်သည်။

နိုင်ငံရေးတွင်ဖြစ်စေ ၊ စီးပွားရေးတွင်ဖြစ်စေ ပြဿနာဖြစ်လျှင်သော်၎င်း ၊ အဖြေလိုလျှင်သော်၎င်း (ရှာရသော) သူကို (go to person) ဟုခေါ်သည်။

စာရေးသူ အမေရိကားတွင် အောင်မြင်မှု လှေကားကို ကြိုးစားတက်စဉ်က ATM ဟူသော အတတ်ပညာကို မိမိဘာသာလေ့လာခဲ့ရသည်။ နောင် Cisco တွင် မိမိ၏ ဘော့စ်ဖြစ်လာသူသည် ATM တွင်ဘုရားတစ်ဆူမျှ နံမည်ရှိသည်။ အလွန်ခက်ခဲသော စနစ်များကို နားလည်လွယ်အောင်ရေးပြ နိုင်သည်။ စာရေးသူက ထိုသူ၏ရေးသားချက်များကို လေ့လာ၍ မိမိကုမ္ပဏီတွင် ပြန်လည်ပို့ချပေးသည်။ ATM အတတ်ပညာ၏ တိုးတက်မှုများအကြောင်း ရေးသားဖြန့်ချီပေးသည်။ အင်ဂျင်နီယာတွေကိုစုပြီးသင်တန်းပေးသည်။ စီမီနာတွေလုပ်ပေးသည်။   မကြာခင် ATM ဆိုလျှင် စာရေးသူကို သွားမေးကြ ဖြစ်လာရသည်။ Consultant မှ Consulting Manager ဖြစ်လာသည်။ ထိုမှ HP တွင် System Architect ..ထိုမှ Cisco တွင် ATM product တခုလုံးကို ကိုင်ရသော အုပ်ချုပ်သူဖြစ်လာရသည်။ ဤသို့ အတတ်ပညာတစ်ခု ကိုကျွမ်းကျွမ်း ကျင်ကျင် တတ်အောင်သင်ယူ၍ အားကိုးစရာဖြစ်အောင် လုပ်နိုင်သူကို အနောက်နိုင်ငံများတွင် (Go To Person) ဟုခေါ်သည်။

စာရေးသူသည် မိမိ၏ ကုမ္ပဏီတွင် ( Go to person)  ဖြစ်အောင်ကြိုးစားရသလို ၊ ဗိုလ်ချုပ်နေ၀င်း သည် တတိုင်းတပြည်လုံးအတိုင်းအတာနှင့် စစ်တပ်တစ်ခုလုံးတွင် ( Go to person)  ဖြစ်အောင် ဖန်တီးယူ ခြင်းဖြစ်သည်။ ပမာဏ အတိုင်းအတာသာကွာသည် Concept ကတော့ အတူတူပင်ဖြစ်သည်။ စာရေးသူက အင်ဂျင်နီယာဖြစ်သဖြင့် Knowledge based နှင့် ဖေါ်ထုတ်သည်။ ဗိုလ်ချုပ်နေ၀င်း က ခေါင်းဆောင်မှု leadership ဖြင့် ဖေါ်ထုတ်သည်။

လွပ်လပ်ရေးရပြီးပြီးချင်း ကွန်မြူနစ်တွေ တော်ခိုကြတော့ ကန္ဒီစာချုပ်အရ ဖွဲ့ခွင့်ရသော ဗမာတပ်ရင်း သုံး ရင်းတွင် ဗိုလ်နေ၀င်း၏တပ်ရင်း (၄) တစ်ခုပဲ အလုံးအရင်းနှင့်တော်မခိုတာရှိသည်။ ထို့ကြောင့် ရန်ကုန် အစိုးရ ကာလ ရောင်စုံသူပုန်တွေ ထကြွသောင်းကြမ်းနေချိန်တွင် အစိုးရအနေနင့် စိတ်ချရသည်မှာ ဗိုလ်နေ၀င်း၏ တပ်ရင်း (၄) ပဲရှိသည်။ ဗိုလ်ဇေယျ ၊ ဗိုလ်ရဲထွဋ် နှင့် တပ်ရင်း (၃) တချို့ တော်ခိုအပြီး တပ်ရင်း (၃) ကို မြစ်ဝကျွန်းပေါ်တာဝန်ထမ်းဆောင်ရန် သင်္ဘောနှင့် လွှတ်လိုက်သည်။ ထွက်သွားပြီး မကြာခင်မှာ တပ်ရင်း (၃) သဘောင်္ာပြန်လှည့်လာသည်။ အစိုးရ တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ဟိုတုန်းက အခုလို ဆက်သွယ်ရေးကကောင်သည်မဟုတ်။ တပ်ရင်း (၃) စိတ်ပြောင်း ၊ ဖက်ပြောင်းပြီး ရန်ကုန်သိမ်းရန် ပြန်လှည့်လားသလား ဟုထင်သူတွေကထင်ကြသည်။ မေယု သင်္ဘောနှင့် ပစ်မှရမည် ဟုအဆိုပြုသူတွေက အဆိုပြုကြသည်။ အားလုံးက လုပ်ကြပါဦး ၊ ဗိုလ်နေ၀င်း ကိုခေါ်ပါဦးဖြစ်ကုန်ကြသည်။ ဤသို့အချိန်တွင် .. ( Go to person)  သည် အရေးကြီးလာသည်။

ဗိုလ်နေ၀င်း၏စည်းရုံးနိုင်မှု

လူ့လောကမှာ အောက်ခြေကိုသိတတ်ရင် အများရဲ့ ချစ်ခင်မှုနဲ့ ရိုသေမှုကိုရနိုင်တယ်။ အသေးအဖွားကို ဂရစိုက်တတ်ရင် အများကြီးခရီးရောက်တယ်။ ဒီနှစ်ခုလုံးကို ဗိုလ်နေ၀င်းက ကောင်းကောင်း သဘောပေါက်တယ်။

လူအများဟာ အောင်မြင်လာရင်သော်၎င်း ၊ ရာထူးကြီးလာလျှင်သော်၎င်း အောက်ခြေလွပ်ကာ အောင်ခြေကို သတိမေ့တတ်တယ်။ စာရေးသူရဲ့ ဖခင်ကြီးတို့ ရဲ့ဆိုရှယ်လစ်တွေ ဖဆပလအစိုးရ အတွင်းမှာ အာဏါကြီးစိုးစဉ် အချိန်က ဦးကျော်ငြိမ်းအိမ်မှာ ဆိုရှယ်လစ်တွေရဲ့ အစည်းအဝေးပွဲလုပ်လေ့ရှိတယ်။ အခြားဝန်ကြီးတွေက ရင်ကော့ပြီး ဦးကျော်ငြိမ်းရှိရာကို တန်းတက်သွားကြတယ်။ ဗိုလ်ချုပ်နေ၀င်း က မီးဖိုချောင်ထဲကို တန်းဝင်လာပြီး အိမ်တစ်ခုလုံကို တာဝန်ယူရတဲ့ မိမိတို့၏ကြီးတော် ကြီးကို မမဖွား ကျနော့်ရဲဘော်လေးတွေ အတွက် ဘာရှိသလဲဆိုပြီး သူ့ရဲဘော်လေးတွေအတွက် ကော်ဖီ ။ မုန့် လုပ်ဆောင်ပေးပြီးမှ လူကြီးတွေနဲ့ စည်းဝေးပွဲကို တက်သွားလေ့ရှိတယ်။ အောက်ခြေက ရဲဘော်လေးတွေကို မမေ့ဖူးဆိုတာ ကိုပြတာ။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးက ဂရုစိုက်တယ်ဆိုတော့ ရဲဘော်လေး တွေဘယ်လောက် ကျေနပ်လိမ့် မလဲ။ ဒါအောက်ခြေကို စည်းရုံးနိုင်တာပဲ။

ဗိုလ်မှူးချုပ်သန်းတင်ရဲ့ ကိုယ်ရေးရာဇ၀င်မှာလည်း မေမြို့သင်တန်းတစ်ခုမှာ တွေ့တော့ ဗိုလ်ချုပ်နေ၀င်းဟာ တခြားတပ်က စစ်ဗိုလ်တွေကို ငယ်နာမည်ခေါ်ပြီး တရင်းတနှီးလိုက် နှုတ်ဆက်တယ်လို့ ရေးပြထားပြန်တယ်။ လူတဦးချင်းကို အရေးပြုတယ်ဆိုတာကို ပြတာ။ ဒါဟာ စည်းရုံးရေးပဲ။ မကြာမှီ က အဲဂျာဇီးယား (Al Jazeera) က အီဂျစ်သမ္မတဟောင်း မူုဘာရပ် အကြောင်း Documentary မှာ မူဘာရပ် ဟာ လေတပ်အကြီးအကဲ ဖြစ်လာပုံနဲ့ လေတပ်က အရာရှိတွေကို နံမည်နဲ့ တကွ မှတ်မိပုံ အကြောင်း တင်ပြတာ တွေ့ရတော့ ဗိုလ်ချုပ်နေ၀င်း မျက်ခွက်ကြီးကိုပြေး မြင်မိတယ်။

တစ်ခု စဉ်းစားကြည့်စေချင်တယ်

ရဲဘော် (၃) ကျိပ်ထိပ်ပိုင်းခေါင်းဆောင်တွေမှာ … ဗိုလ်လက်ျာ က စစ်တပ်က ထွက်သွားရတယ်။ ဗိုလ်စကြာက အစောကြီး ဂျပန်ကို အပို့ခံရတယ်။ ဗိုလ်ရန်နိုင်က အဓိပတိရဲ့ သမိးနဲ့ အိမ်ထောင်ကျပြီ်း တော်လှန်ရေးရဲဘော်တွေနဲ့ ဝေးသွားရတယ်။ တပ်ထဲမှာ ကျန်ခဲ့ တာ ဗိုလ်နေ၀င်း ၊ ဗိုလ်ဇေယျ ၊ ဗိုလ်ကျော်ဇော် ၊ ဗိုလ်ရဲထွဋ် တို့။ ဒီဗိုလ်တွေပဲ BIA – BDA – BNA – PBF အားလုံးကိုဖြတ်သန်းခဲ့ကြရပြီး အင်္ဂလိပ် ပြန်ဝင်လာတော့ ပြန်ဖွဲ့တဲ့ Burma Rifle (3,4,5) ကို ဒီဗိုလ်တွေပဲ ဦးစီးခဲ့ရတဲာ။ အစ ပထမမှာ တပ်ရင်မှူးတွေက အင်္ဂလိပ်တွေ နောက်မှာ ဒီဗိုလ်တွေပဲ တပ်ကိုင်ရတာပဲ။ ဘာကြောင့် ဗိုလ်နေ၀င်း တစ်ယောာက်ပဲ တပ်ရင်း (၄) ကိုအသေ ကိုင်နိုင်တာလဲ။ တပ်ရင်း (၃) တော်ခိုတော့ ဗိုလ်ရဲထွဋ်က တပ်ရင်းမှူးပဲ။ ဘာကြောင့် ဒုတပ်ရင်မှူး (2 IC) ဗိုလ်ချစ်မြိုင်က တပ်ရင်းမှူး ဗိုလ်ရဲထွဋ်ထက် တပ်ရင်း (၃) ကို ပိုင်တာလဲ။တပ်ရင်း (၃) က ဗိုလ်ကျော်ဇော်ရဲ့ တပ်လေ။ ဗိုလ်ဇေယျ လည်းရှိတာပဲ။ ဗိုလ်နေ၀င်း နဲ့ ကွန်မြူနစ် ဗိုလ်တွေ ခေါင်းဆောင်မှုနဲ့ ဘာကွာလို့လဲ။ ဒါ critical thinking အရ စာရေးသူ စဉ်းစားခဲ့တာပါ။

တပ်ကိုင်ရတဲ့ ထိပ်ဆုံး စစ်ဗိုလ် (၄) ဦးမှာ သုံးယောက်က ကွန်မြူနစ်စစ်ဗိုလ်တွေလေ။ ဘာကြောင့် (၃) ယောက်လုံး ကိုယ့်တပ်ကိုယ် မစည်းရုံးနိုင်တာလဲ။ ဗိုလ်နေ၀င်း တစ်ယောက်ပဲ တပ်ရင်း (၄) ကို အသေကိုင်နိုင်တာလဲ။ စဉ်းစားစရာ မဟုတ်ဖူးလား

ဆက်ရန် အပိုင်း (၃)

No comments:

Post a Comment