သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, July 24, 2011

ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၁)

ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၁)

ဘာသာပြန်သူ -  ကိုကျော်ထင်

လက်တင်အမေရိကတွင် အမျိုးမျိုးသော ထူးခြားသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ပုံစံများကို တွေ့နိုင်ပေသည်။ မက္ကဆီကိုသည် တစ်ခုတည်းသော ဖြစ်ရပ်ကိစ္စလိုမျိုးကို ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပေသည်။ ၄င်း၏စစ်တပ်သည် ၁၉၁၃ ခုနှစ်တွင် စတင်ခဲ့သော တော်လှန်ရေးအတွင်းတွင် အမြစ်တွယ် ပေါက်ဖွားလာခဲ့ပြီး ၁၉၃၀ ခုလွန် နှစ်များအတွင်းတွင် ဖွဲ့စည်းပုံစံတကျ အသွင်ဖြစ်လာခဲ့ပေသည်။
Mexico Army
မက္ကဆီကို၏ အလယ်ဗဟို စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းမှာ တိုင်းပြည်၏ တစ်ခုတည်းသော နိုင်ငံတော် အဖွဲ့အစည်းနှင့် ပါတီစနစ်ဖြင့် တင်းကြပ်စွာ ဆယ်စုနှစ်ပေါင်းများစွာ ချည်နှောင် ခံထားရသော တပ်မတော်ပင် ဖြစ်ပေသည်။ တပ်မတော်သည် ၄င်းကိုယ်ကို ၄င်းနိုင်ငံ၏ တရားဝင် လုပ်ပိုင်ခွင့်ရှိမှုကို ရောင်ပြန်ဟပ်ပြသည့် အမျိုးသားရေးကျသော မည်သည့်နိုင်ငံရေးမျှ မရောစွက်သော လက်နက်ကိုင် အင်အားစုအဖြစ် ပုံဖေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ ၁၉၄၀ ခုလွန် နှစ်များကတည်းက နိုင်ငံအား အုပ်ချုပ်သော ဖွဲ့စည်းပုံကျ တော်လှန်ရေးပါတီ  Institutional Revolutionary Party (PRI) ၏ လက်မောင်း (arm) တစ်ခု အသွင်သဖွယ် အမှုတော် ထမ်းခဲ့ပေသည်။

မက္ကဆီကို လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်ပြည်ထောင်စုနှင့် လက်တင်အမေရိက စစ်ဘက်ပုံစံ နှစ်မျိုးစလုံး၏ သြဇာသက်ရောက်မှုကို ရောင်ပြန်ဟပ်ပြပေသည်။ သူတို့သည် အမေရိကန် ပြည်ထောင်စုထံမှ စစ်ဘက်အသုံးဆောင်များနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ ညွှန်ကြားချက်များကို ရယူသော်ငြားလည်း သူတို့၏ စစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ဖွဲ့စည်းပုံစံတကျဖြစ်သော ဖွဲ့စည်းပုံနှင့် ဓလေ့စရိုက်များမှာ လက်တင်အမေရိကပုံစံနှင့် ပို၍နီးကပ်စွာ ဆင်တူပေသည်။ ပထ၀ီနေရာ အနေအထားအရ မက္ကဆီကိုသည် အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်စွာ တည်ရှိနေမှုကြောင့် ၄င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းမစ်ရှင်များထက် ရဲလုပ်ငန်းများကို ပို၍ယူခဲ့ပြီး မက္ကဆီကိုသည် လေတပ်နှင့် ရေတပ်  နှစ်မျိုးစလုံးကို အရွယ်အစားအရရော အရေးကြီးမှုအရပါ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်ခဲ့ပေ။ တခြားတဖက်တွင် တိုင်းပြည်၏ ဂွာတီမာလာ( Guatemala ) ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆင်တူသော စစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်မှုကို ဦးဆောင်ဖြစ်ပေါ်စေခဲ့ပေသည်။
ထိုစစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ၁၉၉၅ ခုနှစ်အစောပိုင်းတွင် ချီးယားပါ့စ် (Chiapas ) ရှိ ဇာပါတစ်တာ့စ် (Zapatistas ) တို့ကို ဆန့်ကျင်သည့် တပ်မတော်၏ သောင်းကျန်းမှု ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ်မှုများနှင့် တွဲဖက်ဖြစ်ပေါ်သည့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများတွင် ပြသခဲ့ပေသည်။ မက္ကဆီကို လက်နက်ကိုင်တပ်ဖွဲ့များသည် ပုံစံအရ အရပ်သား အာဏာပိုင်များအား နာခံသည်ဟု ပြသခဲ့သော်လည်း သူတို့၏ ကိုယ်ပိုင်အုပ်ချုပ် လုပ်ပိုင်ခွင့်သည် မကြာသေးသော ဆယ်စုနှစ်များအတွင်း PRI ၏ အင်အားနှင့် လုပ်ပိုင်ခွင့်အာဏာ ကျဆင်းနေစဉ်တွင် ဖြေးဖြေးနှင့်မှန်မှန်ပင် တိုးတက်နေခဲ့ပေသည်။ သူတို့သည် နိုင်ငံတော်သို့ အထူးသီးသန့်ဖြစ်စွာ ဦးတည်ဖြစ်ပေါ်သည့် စစ်ဘက်၏ သစ္စာရှိမှုနှင့် လိုက်လျောညီထွေ ဖြစ်ပေါ်သော အပြုအမူများကို ချမှတ်ခြင်းအားဖြင့် ပညာရှင်ပီသသော ခွဲထွက်မှုကို ပို၍နက်ရှိုင်းစေရန် ကြိုးပမ်းခဲ့ပေသည်။

ဗဟိုအမေရိကနှင့် ကာရစ်ဘီယန် (Caribbean ) ဒေသမှ နိုင်ငံများသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး၏ အမျိုးမျိုးအဖုံဖုံဖြစ်မှု၊ စုံလင်မှုကို ပြသခဲ့ပေသည်။ ၄င်းတို့အနက်မှ နိုင်ငံများစွာတို့သည် လက်တင်အမေရိက၏ အစဉ်အလာဖြစ်သော ပြည်တွင်းနိုင်ငံရေးတွင် ပုံမှန်လိုပင် ၀င်ရောက် စွက်ဖက်သော အလေ့အကျင့်နောက်သို့ လိုက်ခဲ့ကြသည်။ ဂွာတီမာလာ လက်နက်ကိုင် တပ်ဖွဲ့များသည် ထိုပုံစံ၏ စံနမူ ဖြစ်ခဲ့ပေသည်။ ရွေးကောက်ခံရသည့် အရပ်သားအုပ်ချုပ်မှု ပြန်လာသည့်နောက်ပိုင်း ၁၀ နှစ်ကျော်ကျော်ခန့် အထိပင် ၄င်းတို့သည် ပြည်တွင်းနိုင်ငံရေး၏ စွမ်းအားအရှိဆုံးသော ဇာတ်ဆောင်အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပေသည်။ ဟွန်ဒူးရပ် (Honduran) လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း ဂွာတီမာလာရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြည်တွင်းနိုင်ငံရေးအပေါ် သြဇာသက်ရောက်မှုများထက်စာလျှင် နည်းပါးသော်လည်း ထိုအစဉ်အလာ ဖြစ်သော ပုံစံအား ဥပမာပေးနိုင်လောက်အောင် ပြသခဲ့ပေသည်။

Mexico Security Guard
တခြားသော အလွန်အမင်းဖြစ်မှုတစ်ခုမှာ ကျူးဘားလက်နက်ကိုင် တပ်ဖွဲ့များပင် ဖြစ်သည်။ ၄င်းတို့သည် ဂွာတီမာလာမှ သူတို့ကဲ့သို့သော လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ပင် ကြီးမားသောနိုင်ငံရေး သြဇာအာဏာကို သုံးစွဲခဲ့သော်လည်း သူတို့သည် အရပ်သားအစိုးရကို ထောက်ပံ့ပေးရန် လုံးလုံးလျားလျားပင် သံန္နိဌာန် ပြုထားကြပေသည်။ ကျူးဘားစစ်တပ်သည် ဖီဒယ်ကယ်စ်ထရို (Fidel Castro”s ) ၏ အစိုးရကို လုံးလုံးလျားလျားပင် နာခံမှု ပေးထားပေသည်။ ၄င်း ရိုင်စင်ဒီတားရဲ (raison d”etre ) ဟူသည်မှာ နိုင်ငံခြားကဖြစ်စေ ပြည်တွင်းကဖြစ်စေ ဖြစ်ပေါ်လာသော စိန်ခေါ်မှုအားလုံးကို ဆန့်ကျင်၍ အစိုးရအား ကာကွယ်သွားရန် ဟူ၍ ဖြစ်ပေသည်။ ကျူးဘားစစ်ဘက်တို့သည် မကြာသေးသော နှစ်များအတွင်းတွင်ပင် ထိုခိုင်မာသော ရပ်တည်မှု ရုပ်လုံးပုံသဏ္ဍန်အား နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များ လျော့နည်းလာနေသည့် အချိန်မှာပင် ဆက်လက် ထိန်းသိမ်းထားခဲ့ကြသည်။

စစ်ဘက်စစ်စစ်ဖြစ်သော စစ်တပ်ဖွဲ့များနေရာတွင် ဗဟိုအမေရိကဒေသနှင့် ကာရစ်ဘီယံဒေသတို့တွင် အမေရိကန်ပြည်ထောင်စုသည် “အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များ” “national guards” ဟု ခေါ်သော တ၀က်တပျက်စစ်ဘက်နှင့် ပုလိပ်တပ်ဖွဲ့များ (quasi-military police forces ) ကို အချိန်ကာလ ရှည်လျားစွာပင် ဖန်တီးထားခဲ့ပေသည်။ ၄င်းတို့တွင် ရပ်ရွာငြိမ်သက်အောင် ထိန်းသိမ်းပေးရန်၊ စီးပွားရေးနှင့် လူမှုရေးဘ၀ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးရန်နှင့် ၄င်းတို့ ထောက်ခံထားသော အစိုးရကို အာဏာနေရာတွင် မြဲနေစေရန်အတွက် ကူညီပေးရန်တို့တွင် တာဝန်ရှိပေသည်။ ထိုအမျိုးသားကာကွယ်ရေး တပ်ဖွဲ့များသည် နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် အဆုံးသတ်ခဲ့ရပေသည်။ ၄င်းတို့အနက် တချို့မှာ ၁၉၅၉ တွင် ကျူးဘားတွင်လည်းကောင်း၊ ၁၉၆၅ တွင် ဒိုမီနီကန် (Dominican) တွင်လည်းကောင်း၊ ၁၉၇၉ တွင် နိုင်ကွာရာဂွာ (Nicaragua) တွင် လည်းကောင်း ဖြစ်ပွားသော တော်လှန်ရေး သူပုန်ထမှုများကို ဆုံးရှူံးခဲ့ပေသည်

No comments:

Post a Comment