သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, November 3, 2013

အပိုင်း(၂) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

အပိုင်း(၂) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

October 27, 2013 at 12:50pm
Manchesterရှိ Chetham's library တွင်တွေ့ ရသော
အလုပ်စားပွဲ ၁၈၄၅--၁၈၄၈ အတွင်း ကွန်မြူနစ်ကြေငြာစာတမ်း မတိုင်မီ မာ့က်စ်၊ အန်ဂဲလ်စ် အလုပ်စားပွဲ။ မာ့က်စ် နဲ့  နေ့ တိုင်းလိုလို စာပေးစာယူ လုပ်ချိန်မှာ အန်ဂဲလ်စ် တောက်ရှောက်သုံးခဲ့သောစားပွဲ။
Manchesterရှိ Chetham's library တွင်တွေ့ ရသော အလုပ်စားပွဲ ၁၈၄၅--၁၈၄၈ အတွင်း ကွန်မြူနစ်ကြေငြာစာတမ်း မတိုင်မီ မာ့က်စ်၊ အန်ဂဲလ်စ် အလုပ်စားပွဲ။ မာ့က်စ် နဲ့  နေ့ တိုင်းလိုလို စာပေးစာယူ လုပ်ချိန်မှာ အန်ဂဲလ်စ် တောက်ရှောက်သုံးခဲ့သောစားပွဲ။


---------------------------------------------------------------------------------------------------------

အပိုင်း(၂) ပေါလ် လဖာ့ဂ် မှတ်မိသော မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော သူ့ အဘိဓမ္မာ( ၁၈၉၀)


ဆေးပြင်းလိပ် ဖိုးပင် ပြန်မရတဲ့ အရင်းကျမ်းနောက်က ကမ္ဘာ့စကော်လာ

မာ့က်စ်ဟာ ဆေးပြင်းလိပ် အတော်အသာက်ကြမ်းတယ်။
ကျနော့်ကို သူတခါပြောဖူးတယ်။
“အရင်းကျမ်းရေးရတာကွာ၊ ငါသောက်တဲ့ ဈေးအပေါဆုံး ဆေးပြင်းလိပ်ဖိုးတောင် မရခဲ့ပါဘူး မောင်ရင်ရေ”

အမှန်တော့  မာက်စ်ဟာ မီးခြစ်ဆံ သုံးတာလည်းကြမ်းတယ်။
စာရေးနေရင်းက သူ့ ဆေးတံကို မီးညှိ၊ ပြီးတော့ သူ့ ဆေးလိပ် သူ မေ့နေ၊ ဒါနဲ့  မီးက ငြိမ်းသွားတယ်။ ဒီတော့  သူက နောက်တခါ ဆေးလိပ်ကို ပြန် မီးညှိလိုက်၊မေ.လိုက်နဲ့ ။ သည်လိုနဲ့  မီးခြစ်ဆံ ဘူးတွေများ၊ တဝေါဝေါကုန်သွားလိုက်တာ .. ခဏလေး အတွင်းမှာ မာက်စ် သုံးခဲ့ တဲ့ မီးဖြစ်ဆံတွေက ဒင်းကြမ်းဗျ။

မာက်စ်က သူ့ စာအုပ်တွေ၊ ရေးလက်စ စာရွက်တွေကို တယောက်ယောက်လာ စီပေးတာ၊ ရှင်းပေးတာ ဘယ်သူ့  ကိုမှခွင့် မပြုဘူး။ ခပ်ရှုတ်ရှုတ် ပဲ ထားခိုင်းတယ်။ ခပ်ရှုတ်ရှုတ် ၊အစီအစဉ်တကျ မထားခိုင်းတာ အကြောင်းရှိတယ်။ ဟိုရောက် ဒီရောက် သူ့ စာအုပ် စာတမ်းတွေ ကြားမှာ မာ့က်စ် လိုချင်တဲ့ မှတ်စု၊ ကိုးကားချက်တွေ ဟာ သူ့ နည်းသူဟန် နဲ့  ရှိနေတယ်။ ဒါကြောင့် အချက်အလက်တွေ၊ စာတန်းတွေကို သူ လိုတဲ့အခါ၊ အချိန်မရွေး သွားရှာလို့ ရအောင် တမင် သည်လို ထားတာ။ ခြုံပြောလျှင်၊ သူ နဲ့ သူ့ စာကြည့်ခန်းလေးဟာ အရာ၂ခုပေါင်းစပ်ထားတဲ့ သီးသန့် ဘ၀တခု သက်သက်။ မာ့က်စ်ဟာ သူ့ ခန္ဓာပေါ်က လက်ခြေတွေကို သူလိုရာ မောင်းနှင်အသုံးချတဲ့ အတိုင်း၊ သူ့ စာအုပ်စာတမ်းတွေ ကို သူ့  သုတေသနလုပ်ငန်း အတွက် စိတ်တိုင်းကျ ထိန်းချုပ် အသုံးပြု နေခဲ့တယ်။

သူ့ စာအုပ်စင်မှာလည်း စာအုပ်တွေကို ကြည့်ကောင်းအောင် ၀ဲယာ ဆင်တူ လှလှညီညီ မစီထားတတ်ဘူး။ သူ့ စာအုပ်စင်ကို ကြည့်လျှင်၊ အထူအပါး အစားစားကွဲတဲ့ စာအုပ်ကြီးတွေ၊ ကျမ်းတွေကို၊ စာစောင်၊စာရွက် အတိုအစလေးတွေ နဲ့ ရောနှော ထားတာကို လည်းတွေ့ ရမယ်။ မာ့က်စ် က သူ့ စာအုပ်တွေကို အဖုံးနဲ့  မစီဘူး။ အထူ အပါး၊ အသွင်တူတာ နဲ့ မစီဘူး၊ စာအုပ်ထဲပါတဲ့ အကြောင်းအရာ အမျိုးအစား တူညီ တာကို ပဲ သူက တနေရာမှာတွဲထား၊ စုထားလေ့ ရှိတယ်။

စာအုပ်စင်ဆိုဟာ သူ့ စေလိုရာစေ၊ သူ ခိုင်းဖို့ ၊ သုတေသနလုပ်ငန်းနဲ့ သူ့  ကို အလုပ်အကျွေးပြုရမဲ့  သူ့ အစေအပါး။ စာအုပ်တွေဟာ ဇိမ်ခံပစ္စည်း မဟုတ်၊ စိတ်၏အလိုကို ဖြည့်ပေးသော၊ ဆူး၊ ဆောက်၊ ကရိယာများ လို့  မာ့က်စ်ကပြောလေ့ရှိတယ်။ ဒါကြောင့် စာအုပ်ဆို အဖုံးလှလှ၊ မလှလှ သူက ဂရုမစိုက်ဘူး။ စာအုပ် အထူအပါး၊ ချုပ်ပုံ သပ်ယပ် မှု ရှိမရှိ၊ စာရွက် အရည်အသွေး ကောင်းမကောင်း၊ ဒါတွေလည်းမာ့က်စ် က ဂရုမစိုက်ဘူး။ သူ့ စာတအုပ် ဖတ်တဲ့အခါ၊ စာရွက်တွေ ကိုလည်း သူ ချိုးချင်တဲ နေရာမှာ ချိုးပစ်လိုက်တာပဲ။ သူ့ အတွက် သူ အမှတ်အသားလုပ် တာမျိုးပေါ.။

စာအုပ်ထဲမှာ တခုခု သူ တို့ ထားချင်လျှင်တော့ သူက ခဲတံကိုသုံးတယ်။ စာရွက် ဒေါင့်တွေမှာ ခဲနဲ့ တို့ ရေးတတ်တယ်။ စာအုပ်ထဲမှာ အများကြီး ချရေးတာမျိုးတော့ မာ့က်စ် မလုပ်တတ်ဘူး။ တခါတရံ မူရင်းကျမ်းဆရာရေးထားတာက လွန်လွန်းအားကြီးတယ် လို. သူ့မျက်လုံးထဲမှာ သဘော မတူနိုင် တဲ့အခါမှ၊ မာ့က်စ်က သူ့ စာအုပ်ထဲမှာ၊ မေးခွန်းသင်္ကေတ လေးတွေတို့  ပြီး မှတ်ထားတတ်တယ်။ သူလိုချင်တဲ့ စာတပုဒ် ကို အလိုရှိတဲ့အခါ အလွယ်တကူ ပြန်ယူလို့ ရအောင် လုပ်ထားတဲ့နည်းမျိုး။

လိုချင်တဲ့ အပိုဒ်ဆို တခါတည်း လိုင်းတားမှတ်ထားတတ်တယ်။ မှတ်စုတွေ ထုတ်သီးသန့် ရေးထားတာတွေလည်းရှိတယ်။ စာတအုပ်ဖတ်ပြီးလျှင် နှစ်ပေါင်းဘယ်လောက်ကြာကြာ၊ သူ မျဉ်းတား ထားတဲ့ စာပိုဒ်တွေ၊ သူ့ မှတ်စုတွေကို ပြန်ဖတ်ရှုတဲ့အကျင့် လည်းရှိတော့၊ မေ့ သွားတယ်ဆိုတာမျိုး မာ့က်စ်မှာ မရှိဘူး။ သည်လို မှတ်စုဟောင်းတွေကို ပြန်ပြန်ဖတ်တာဟာ သူ့ မှတ်ဥာဏ်ကို ကြီးစွာ အထောက်အကူဖြစ်စေတယ်လို့ ပြောတယ်။ မာ့က်စ် ဟာ သူမတူအောင် မှတ်ဥာဏ် အလွန်ကောင်းတယ်။ စာဖတ်နည်းမှာ အသေးစိတ်မှတ်မိစေဖို့  ဟီဂယ်ပြောတဲ့နည်းကို လည်း အတု ယူသေးတယ်။ အဲတာက မူရင်းအတိုင်း သူနားမလည်နိုင်သေးတဲ့၊ တခြားနိုင်ငံခြားဘာသာနဲ့ ရေးထားတဲ့ စာတွေ၊ လင်္ကာပိုဒ် တွေကို အလွတ်ကျက်မှတ် တဲ့ နည်းပဲ။

မာ့က်စ်ဟာ ကဗျာချစ်တဲ့သူ၊ ဂရိခ် စစ်သူကြီး အစ်စ်ကီးလာ့စ် Aeschylus၊ အီတာလီယန်စာဆို ဒန်တေ့ Dante သူတို့  စာတွေမှာ ဒဿန တွေ့ ခဲ့သူ၊
ဟိန်း၊ ဂို့ သ်၊ ဒန်တေ၊ ရှိတ်စပီးယား (Heine, Goethe, Dante, Shakespeare)တို့ ကို အလွတ်ရသူ၊

ဂျာမန် စာဆို ၂ယောက် ဖြစ်တဲ့ ဟိန်းနဲ့  ဂို့ သ် ရေးသမျှ မာ့က်စ် က အကုန်အလွတ်ရတယ်။
သည် ၂ယောက်ရဲ့ စာတွေ ကဗျာတွေကို သူ စကားပြောရင်၊ အတော် ကိုးကားပြောလေ့ရှိတယ်။ မာ့က်စ် က ကဗျာဘယ်လောက်ကြိုက်သလဲဆို၊ ဥရောပ က ရှိရှိသမျှ ဘာသာပေါင်းစုံနဲ့ ရေးထားတဲ့  စာဆိုတွေ ၏ ကဗျာတိုင်းကို သဲကြီးမဲ ကြီး ဖတ်ရှုလေ့လာတတ်တယ်။ ဂရိပြဇတ်ရေးဆရာ၊ စစ်ထွက်စာဆို ကြီး အစ်စ်ကီးလာ့စ် ရေးတဲ့စာတွေ ဆို မာ့က်စ်က မူရင်းဘာသာ ဂရိခ် အတိုင်းဖတ်နိုင်တယ်။ မွေးဖွားလူဖြစ်ခဲ့သမျှ လောကဇတ်ခုံ ပြဇတ်ရေး စာရေးဆရာ တို.စာရင်းမှာ အစ်ကီးလာ့စ် နဲ့ ရှိတ်စပီးယား တို့ ၂ယောက်ကို အတော်ဆုံးအကောင်းဆုံး အဖြစ် မာ့က်စ် ကသတ်မှတ်ထားတယ်။

ရှိတ်စပီးယားကို မာ့က်စ် ကသိပ်လေးစားတယ်။ ရှိတ်စပီးယားပြဇတ်တွေထဲက မထင်မရှား ဇတ်ကောင်တွေရဲ့ အသေးစိတ်တွေလေးက အစ မာ့က်စ် က သိနေတယ်။ မာ့က်စ် က ရှိတ်စပီးယား ကို သေသေချာချာ အနုစိတ် လေ့လာ ဖတ်မှတ်ခဲ့တာ။ သူရော၊ သူ့ မိသားစု တစုလုံး၊ သမီးလေး တွေ ပါ မကျန် အင်္ဂလိပ် ပြဇတ်ရေးဆရာတွေ ကို အရူးအမူး နှစ်သက်ကြတယ်။ သူ့ သမီးလေး ၃ယောက် စလုံးဟာ ရှိတ်စပီးယားပြဇတ်တွေက စာကြောင်းတိုင်းကို အလွတ်ရကြတယ်။ ၁၈၄၈ ကွန်မြူနစ်ကြေငြာစာတမ်း ထုတ်တဲ့ နှစ် အထိ မာ့က်စ်ဟာ အင်္ဂလိပ်လိုကောင်းကောင်း ဖတ်နိုင်ပေမဲ့၊ ၁၈၄၈ နောက်ပိုင်းကျမှ သူ က အင်္ဂလိပ်စာ ကို ကျကျ နန လေ့လာဖြစ်ခဲ့တယ်။
အင်္ဂလိပ်ဘာသာကို တတ်ပြီးသားပေမဲ့၊ အကြွင်းမဲ့ ပြီးပြည့်စုံအောင်တတ်မြောက် အောင် ထပ်လေ့လာတဲ့ သဘောမျိုးဖြစ်တယ်။

၁၈၄၈ နောက်ပိုင်းမှာ သူဟာ ရှိတ်စပီးယားကို သူ့  မူလ အင်္ဂလိပ်ဘာသာနဲ့ အသုံးအနှုံးတွေအတိုင်း စေ့စေ့ ပြန်ဖတ်တယ်။ အလားတူပဲ ၀ီလီယံ ကော့ဘက် ရဲ့ စာတွေကို သူအင်္ဂလိပ်စာ ထပ်လေ့လာပြီးကာမှ ထပ် ပြန်ဖတ်တယ်။ အင်္ဂလန်မှာ ပါလီမန်က ဗြူရိုကရက် အကျင့်ပျက်တွေကို ကလောင်နဲ့ ဆော်လို့ ထောင် ၂နှစ်ကျ၊ လူတွေကို ဆွပေးနိုင်တဲ့ နိုင်ငံရေးဝေဖန်စာတွေရေးတတ်တဲ့ English Journalist William Cobbett ၀ီလီယံ ကော့ဘက်၏ ပြင်းထန်မာကျောတဲ့ သရော်သံ၊ အစွန်းတဖက်ထဲမှာရပ်တဲ့ စာသံက မာ့က်စ်ကို ဆွဲဆောင်ခဲ့တယ်။ ဒါကြောင့် ၀ိရောဓိ အစွန်းတွေ ရှိနေတဲ့သူ၊ လူပြောသူပြောများတဲ့ လှုံဆော်စာများရေးသားသူ၊ အင်္ဂလိပ် သတင်းစာဆရာကြီးတဦးဖြစ်တဲ့ ၀ီလီယံကော့ဘက် ကိုလည်း မာ့က်စ်က အထင်ကြီး၊ အမှတ်ပေးခဲ့တယ်။

အီတလီယန်စာဆိုကြီး ဒန်တေနဲ့ စကော့တစ်ရှ် ရောဘတ်ဘန်းန်စ် Dante & Robert Burns တို. ကတော့ သူ့ စာရင်း ထဲက ကဗျာဆရာတွေထဲမှာ ထိပ်ဆုံးကရှိနေတဲ့ သူ အကြိုက်ဆုံး စာဆိုကြီး ၂ဦးဖြစ်တယ်။ သူ့ သမီးလေးတွေက စကော့တစ်ရှ် စာဆိုကြီးရော်ဘတ်ဘန်းန်စ်ရဲ့ သရော်စာ ကဗျာတွေ၊ စာတွေ ကို အလွတ် ရွတ်ပြလျှင် မာ့က်စ် ဟာ သိပ်သဘောကျတယ်။

ပြင်သစ် သိပ္ပံပညာရှင် Cuvier ကူဗီယာလို ဇယ်ဆက်၊ အလုပ်လုပ် တဲ့ မာ့က်စ်

သိပ္ပံလေ့လာမှုတွေ ကို အတောမသတ် ၊မနားတန်း အလုပ်လုပ်ခဲ့တဲ့ (ဒါဝင်မတိုင်ခင်က အကြီးဆုံး သဘာဝသိပ္ပံပါရဂူ) ကူဗီယာ ရဲ့ စာအုပ်စာတမ်းတွေ အားလုံးဟာ ပါရီက မြူဇီယံပြတိုက်မှာ ရှိတယ်။ ကူဗီယာကိုယ်တိုင် သည်ပြတိုက်မှာ ဒါရိုက်တာ လုပ်နေတဲ့ အချိန်။ ကူဗီယာက ပြတိုက်မှာ အခန်းတော်တော်များများကို သူ့ သိပ္ပံလေ့လာမှုတွေ အတွက် အသုံးချတယ်။ အခန်းတခုစီမှာ သူသုံးတဲ့ ဓါတ်ခွဲခန်းပစ္စည်းတွေ၊ စာအုပ်တွေ၊ ကျမ်းတွေ၊ ခွဲခန်းသုံး ကရိယာ တွေထားတယ်။ တခန်းမှာ သူ အလုပ်လုပ်နေရင်း သူစိတ်ပင်ပန်းလာလျှင်၊ ကူဗီယာဟာ နောက်တခန်းကို ကူးပြီး နောက်အလုပ်တခု ပြောင်းလုပ်နေတတ်တယ်။ စိတ်ဆောင်ပြီးစိတ်နဲ့ တအား ဖိလုပ်ရတဲ့ အလုပ် တွေမှာ၊ တောက်လျှောက်မအားတဲ့ စိတ်ကို အခန်းပြောင်း စိတ်ပြောင်းပေးရတယ်။ သည်လို အပြောင်းအလဲလေးတွေ ဖန်တီးပေးလိုက်ခြင်းဖြင့် သူ့ အတွက်လည်း အပန်းဖြေနည်း တနည်း ဖြစ်နေတယ်။

စပီရှီများ၊ ကမ္ဘာ့မြေ အစိတ်အပိုင်းများ Extinction မျိုးတုန်းခြင်း နဲ့ ကပ်ဆိုက်ဘေးဆိုးနိယာမတွေ စဖေါ်ထုတ်ခဲ့သူ၊ အစိတ်အပိုင်းတို.၏ အညမည နိယာမ စာတမ်း ကိုရေးခဲ့သူ ပြင်သစ် သိပ္ပံပညာရှင် Cuvier လိုပဲ၊ သုတေသနအလုပ်တွေအတွက်၊ အပင်ပန်းခံနိုင်တဲ့နေရာမှာကူဗီယာ နဲ့ မာ့က်စ် သွားဆင်တယ်။ မာ့က်စ်ဟာ တခု ပြီးတခု ပြောင်း ဆက်တိုက် ဇယ်ဆက်အလုပ် လုပ်ခဲ့တယ်။ အပင်ပန်းလည်းခံတယ်။ မမောမပန်း အလုပ် လုပ်နိုင်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူ့ ခမြာ သူလေ့လာဆည်းမှုတွေ များပြားသလောက် ထိုက်တန်တဲ့ အခွင့် အရေး နည်းနည်းတောင်မရခဲ့ပါဘူး။ သိပ်ပင်ပန်းလာလျှင် သူ ဟာ သူ့ အခန်းလေးထဲမှာပဲ ခေါက်တုံ ခေါက်ပြန် လျှောက် စိတ်အနားယူရတယ်။ သူ့ စာကြည့်ခန်းထဲ မှာ ကြမ်းပြင်ပွန်း နေတဲ့နေရာလေးတခုရှိတယ်။ အခန်းတံခါးနဲ့ ပြူတင်းပေါက်ကြား က ကြမ်းပြင်ဆို သူလျှောက်တာများလွန်းလို. ဖွေးနေပွန်းနေတယ်။ ဘာနဲ့ တူလဲဆိုတော့ မြက်ခင်းပေါ် လူသွားဖို့ ဖေါက်ထားတဲ့  လမ်းလေး ၊ လူနင်း လူသွားများလို့  ထင်းနေသလိုမျိုးပါပဲ။

ဝတ္ထုကောင်းတွေ ဖတ်တဲ့ မာ့က်စ်

တခါတရံလည်းမာ့က်စ်ဟာ ဆိုဖာပေါ်လှဲပြီး ၀တ္ထု ဖတ်နေတတ်တယ်။ သူက တချိန်မှာ ဖတ်ပြီဆိုလျှင် ၃ အုပ်လောက် ထားပြီး၊ တအုပ် တလှည့်စီ ပေးဖတ် လေ့ရှီတယ်။ချားလ်စ်ဒါဝင် လိုပဲ၊ မာ့က်စ် လည်း ၀တ္ထုတွေကို အလွန်ကြိုက်၊ အလွန်ဖတ်သူတဦးဖြစ်တယ်။ မာ့က်စ် အကြိုက်ဆုံးစာအုပ်တွေက ၁၈ ရာစု နှစ်ရဲ့ စာအုပ်တွေ၊ ဥပမာ .. ဖီးဒလင်း ရဲ့ တွန်မ် ဂျုံးန်စ် Fielding’s Tom Jones ဖြစ်တယ်။ ပို မော်ဒန်ကျတဲ့ စာရေးဆရာတွေ ထဲကလည်း သူ ကြိုက်တဲ့သူတွေက ပေါလ်ဒီကော့ခ်၊ ချားလ်စ်လီဗာ၊ အလက်ဇန်ဒါးဒူးမားစီနီယာ နဲ့  ဆာဝေါလ်တာစကော့တ် (Paul de Kock, Charles Lever, Alexander Dumas Senior and Sir Walter Scott) တို့ ဖြစ်တယ်။ ဆာဝေါလတာစကော့တ် ရေးတဲ့ Old Mortality ကို မာ့က်စ် က တကဲ့ တပုဒ်ဆိုတပုဒ် မာစတာပိစ်ကြီး ပါပဲ လို့ သတ်မှတ်ခဲ့တယ်။ မာ့က်စ်ဟာ စွန့် စားခန်းပုံပြင်တွေနဲ့ ရီစရာ ဟာသပါတဲ့ ၀တ္ထုတွေကို ပို နှစ်သက်တတ်တယ်။

သူ ဘ၀င်အတွေ့ ဆုံး၊ အကြိုက်ဆုံး တန်ဖိုးအထားဆုံး စာရေးဆရာ ၂ ဦးက ဆာဗန်တီ နဲ့ ဘောလ်ဇက် Cervantes and Balzac ပဲ။ Don Quixote ဒန်ကွီဆုတ် ၀တ္ထုဟာ ခုခေတ်လူရာ မ၀င်တော့တဲ့ မြင်းစီးသူရဲကောင်းတဦး၏ ဂန္ဒ၀င်မြောက်မှတ်တမ်းရှည် ကြီး။ သည်အထီးကျန် မြင်းစီးသူရဲကောင်းရဲ့ တန်ဖိုးတွေ ကို လူတွေက ပမာမခန့် ပြု၊ လှောင်ပြောင်ကြတယ်။ သည်လိုဖြစ်နေတာ ဓနရှင်တွေကြီးစိုးတဲ့ ဘူဂျွာလူတန်းစားယဉ်ကျေးမှု ကြောင့်လို့  မာ့က်စ်က သတ်မှတ်ခဲ့တယ်။

ပြင်သစ် စာရေးဆရာဘောလ်ဇက်ကို တော့ မာက်စ်က အထင်အကြီးဆုံး။ ဘောဇက်၏ ပြောင်မြောက်လှတဲ့ La Comedie Humaine ဇတ်လမ်းတွဲ၊ ပြဇတ်တွေ နဲ့ ပတ်သက်ပြီး၊ မာ့က်စ်က စာညွှန်းရေးချင်တဲ့ ဆန္ဒရှိခဲ့ တယ်။ သူ့ အရင်းကျမ်းစာအုပ် ထွက်ပြီးပြီဆိုလျှင်၊ ဘောလ်ဇက် ရဲ့ La Comedie Humain စာအုပ်အတွဲလိုက်ကြီး အတွက် ကျကျနန စာပေဝေဖန်ရေး ဆောင်းပါး ရေးချင်တယ်လို့ သူ့ ဆန္ဒ ကို အတိအလင်း ထုတ်ဖေါ်ပြောပြဖူးတယ်။

မာ့က်စ်အတွက် ဘောလ်ဇက်ဟာ လူတွေ ဇတ်ကောင်တွေ စိတ်ဓါတ် အမူအကျင့် တွေ နဲ့ု သမိုင်း ရှေ့ဖြစ်လာမှာတွေကိုပါ ကြိုဟောကြိုသိနိုင်တဲ့ ပရောဟိတ်ကြီးတယောက်လို ဇတ်ကောင်၊ဇတ်အိမ် ဖန်တီးနိုင်တဲ့သူ အနုပညာသမား၊ သူ ဖြတ်သန်းတဲ့ ခေတ်သမိုင်းကို တကယ်သိတဲ့ သမိုင်းပညာရှင်ဖြစ်နေတယ်။ သမိုင်းထဲက ဇတ်ကောင်များရဲ့ အကျင့် စရိုက် ကရိုက်တာပေါ်အောင်ရေးနိုင်တဲ့ စာရေးခြင်း အတတ်ပညာဟာ ပြင်သစ် ဘုရင် လူဝစ်ဖိလစ် လက်ထက်မှာ စခြေပျိုး တည်ကာစပဲရှိ သေးတယ်။ နပိုလီယံ၃ (နပိုလီယံ ၁၏ တူ ၊ ပြင်သစ်နိုင်ငံ၏ နောက်ဆုံး ဘုရင်၊ ဂုဏ်ထူးဆောင် သမ္မတ) လက်ထက်ရောက်တော့ မှ ဇတ်ကောင်စရိုက်တွေက ခေတ်သမိုင်းကိုထင်ဟပ် ပုံဖေါ်တဲ့ စာပေပုံသဏ္ဍန်ဟာ ပြင်သစ် စာပေစင် မှာ ရင့်မှည်.ပြည့်ဝလာခဲ့တာဖြစ်တယ်။

----------------------------------------------------------------------------------------------------------------------------
စုစုပေါင်း (၆)ပိုင်းခွဲထားပါတယ်။
အပိုင်း(၃)ကို ဆက်ဖတ်ပါ။

ဘာသာပြန်ဆိုသူ (aasw)

ဓါတ်ပုံများ--အင်တာနက်မှ။
မာ့က်စ် အင်တာနက်ပြတိုက်ကလည်း ယူပါတယ်။

Written by Paul Lafargue in 1880.
Source: Marx and Engels Through the Eyes of Their Contemporaries, Progress Publishers, 1972.

No comments:

Post a Comment