အပိုင်း(၄) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ
အပိုင်း(၄) ပေါလ် လဖာ့ဂ် မှတ်မိသော မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော သူ့ အဘိဓမ္မာ( ၁၈၉၀)
ပညာဝယ်၊ အလုပ်သင် ကျနော် နဲ့ မာ့က်စ်
ကျနော် မာ့က်စ်ဘေးကနေ အလုပ်လုပ်ပေးခဲ့ရဖူးတယ်။ ကျနော် လုပ်သမျှက တော့ သူ စာချပေးတာ နှုတ်ကပြောတာကို နောက်က လိုက်ရေး၊ မှတ်စုထုတ် ဒီလောက်ပါပဲ။ ဒါပေမဲ့ သည်လောက်လေး လုပ်ရတာနဲ့ တင်၊ သူ ဘယ်လိုတွေးသလဲ၊ သူဘယ်လိုရေးသလဲ ဒါတွေကို အနီးကပ်လေ့လာခွင့် ရခဲ့တယ်။ ကျနော့် အတွက် မဟာ အခွင့်အရေးကြီးပေါ့။
စာရေးတဲ့ အလုပ်ဟာ၊ မာ့က်စ်အတွက် လွယ်လည်းလွယ် ခက်လည်းခက်၊ သည်လို ပြောလို့ ရတယ်။
ဘာကြောင့် လွယ်သလဲ။ မာ့က်စ်ဟာ သက်ဆိုင်တဲ့ အကြောင်းအရာတခု ကို ရေးတဲ့အခါ သူလိုချင်တာတွေကို စုဆောင်းသိုမှီးထားတဲ့ သူ့ ခေါင်းထဲက အခက်အခဲ မရှိ၊ ကျွမ်းကျင်စွာ ထုတ်နှုတ် ယူသုံး နိုင်စွမ်း ရှိလို. ဖြစ်တယ်။တချိန်တည်းမှာပဲ စာရေးခြင်းဟာ သူ့ အတွက် ခက်ခဲနေပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောချင်တဲ့ အချက်အလက် ၊ငြင်းဆိုချက်တွေ ကို အနုစိတ်နေ အောင် ရေးတတ်တဲ့ သူ့ အကျင့်ကြောင့်ဖြစ်တယ်။ သူ့ စာ တွေဟာ လစ်ဟာမှုမရှိစေရဖူး။ တိတိကျကျ လည်းရှိတယ်။ လိုအပ်လျှင် သူက စုံစေ့နေအောင် ရှည်ရှည်ဝေးဝေး ရေးတတ်တယ်။ ဒီလို ဟာပေါက်ကျပေါက် မရှိ အောင် ရေးသားဖို့ ဆိုတာ အမြဲ တစေ အားထုတ်နေရတဲ့အလုပ်ဖြစ်တဲ့အတွက် စာရေးခြင်းကို မာ့က်စ်က သာသာလေး လုပ်ဖို့ မဖြစ်နိုင်ခဲ့တာပါ။ အမှန်လည်း မာ့က်စ်ဟာ စာပြည့်စုံမှုရှိအောင် နေ့ ညမအား အလုပ်လုပ်သူ၊ အပင်ပန်းခံ စာရေးတတ်သူကြီးဖြစ်တယ်။
သိပ္ပံနည်းကျ လောဂျစ်ပါသော အဘိဓမ္မာသမား အစစ်
အကြောင်းအရာတွေကို ကြည့်ရင် မာ့က်စ် က မျက်နှာပြင်ပေါ်က ခွာကြည့်တတ်တယ်။ မျက်နှာပြင်ကို လေ့လာရုံသာမက၊ အောက်က ဖုံးကွယ်နေတဲ့ အလွှာတိုင်းကို ပါ သူက စေ့စေ့ကြည့်တတ်တယ်။ တခုလုံးထဲက အစိတ်အပိုင်းလေးတွေကို တစစီဆွဲထုတ်၊ သူက အပိုင်းပိုင်း အဆစ်ဆစ် ယူကြည့်တာ။ ပြီးတော. အဲဒီ့ အပိုင်းတခုစီ တခုနဲ့ တခု အပြန်အလှန် ရိုက်ခတ်ပုံ၊ ဒါတွေကိုလည်း ခွဲခွဲပြီး လေ့လာတယ်။
တပိုင်းစီ၏ ဇစ်မြစ်သမိုင်းကို သုတေသနာလုပ်တဲ့အခါမှာလည်း သူက တပိုင်းစီကို အထူးကဏ္ဍပေးပြီး သီးခြားဖယ်ထုတ်လေ့လာခဲ့တာ။
အစိတ်အပိုင်းလေးတွေ ဘယ်လို စခဲ့လဲ။ ဘယ်လို ဖြစ်တည်၊ ဘယ်လို ပြောင်းလဲ ရွေ့ ရှားလာလဲ။
အစိတ်အပိုင်းတခုစီ၏ ပတ်ဝန်းကျင်၊ သမိုင်းနောက်ခံကို ပါ သူက ချန်မထားဘူး။ အသေးစိတ် နားလည်အောင် သူကလေ့လာတယ်။ သည်လို နဲ့ မာ့က်စ် ခြေရာခံ လိုက်နည်းမှာ၊ အကြောင်းအရာတခု (သို.မဟုတ်) ၀တ္ထု တခု၏ မူလပထမ မြစ်ဖျား ကစတယ်။
သည် ၀တ္ထု၏ ဖြစ်တည်မှု ပြောင်းလဲလာပုံ အဆင့်ဆင့် ပါတယ်။ ပြီးတော့-အခြေခံတွေ မြေလှန်ပြောင်းလဲမှုဖြစ်စေတဲ့ တော်လှန်သော ပြောင်းလဲမှု ဖြစ်စဉ်ကို လည်း သူ့ လေ့လာမှုမှာ ထည့်ထားတယ်။ ဒီ့ အပြင် ဟိုး အဝေးကြီး၊ လက်လှမ်းမမှီတဲ့ နေရာတွေက ရလဒ်တွေ၊ အကျိုးသက်ရောက်မှုတွေပါ သူက ထည့်စဉ်းစားတယ်။ မာ့က်စ်က ဒြပ်ဝတ္ထုတခု၊ အကြောင်းအရာတခု ကို သူ့ ခြည်းသက်သက်၊ သူ့ တခုတည်း ပေါ်မှာ ကွက်မကြည့်တတ်ဘူး။ မာ့က်စ်မြင်တဲ့ ကမ္ဘာကြီးက အရွေ့ တခုနဲ့  မနေမနား ဆက်တိုက် လည်ပတ် ရှုတ်ထွေးပြောင်းလဲနေတဲ့ ကမ္ဘာကြီး။ ဒါကြောင့် သူ့ ထဲက အစိတ်အပိုင်းတွေကို လစ်လျှူရှုလို့ မရဘူးဆို တာ မာ့က်စ် နားလည်တယ်။ အစိတ်အပိုင်းအားလုံး၏ သမိုင်း တခုစီ ကို သိအောင်လုပ်ပြီးမှ၊ ကမ္ဘာ့သမိုင်းဖြစ်စဉ်ကို ဒီလိုပါ လို့  သူက ရှင်းလင်းပြခဲ့တာ။
သူ့ ရည်ရွယ်ချက်က သက်ရောက်တုန့်ပြန်မှုတွေအမျိုးမျိုး၊ အပြန်အလှန်အကျိုးပြုပုံ အမျိုးမျိုးနဲ့ ပုံသဏ္ဍန်စုံ ဖြစ်လာ ပြောင်းလဲလာနေတဲ့ လူသားကမ္ဘာကို အရှိ အရှိအတိုင်း ဖွင့်ထုတ်ချပြရေး ဖြစ်တယ်။
စာသမားချင်းပေမဲ့ အလုပ်ချင်းက မတူပါ။
ရသစာပေလိုင်းက က၀ိအကျော်အမော်များ ဖြစ်ကြတဲ့ ဖလိုဘဲ၊ ဂန်ကော့တ် (Flaubert and Goncourt) စတဲ့ သူတို့ စတိုင်သက်သက် လိုက်စားတဲ့ စာပေသီးသန့် ကျောင်းတွေက မာ့က်စ် ချပြတဲ့ ကမ္ဘာကို နားမလည်ဘူး။ မာ့က်စ် ပြောတဲ့ ကမ္ဘာကြီးဟာ နားလည်ဖို့ သိပ်ခက်တယ်လို့ ငြီးတွား၊ စောဒက တက်ကြတယ်။ ဖြစ်မှာပဲ။ ၀တ္ထုရေး အကျော်အမော်က၀ိဆရာတွေဟာ မျက်နှာပြင်ပေါ်ပဲ ကြည့်ကြတာမို့  သူတို့ ဟာ အပေါ်ယံ အမြင်ပဲ ရခဲ့တယ်။ ဒီလို အပေါ်ယံအမြင်ကြောင့် ကမ္ဘာကြီးကို သိနားလည်ဖို သူတို့ ကြိုးပမ်းမှု ဟာ ခက်ခဲနေတာဖြစ်ရမယ်။
သူတို့ ဖန်တီးတဲ့ ရသစာပေထဲမှာ တအုပ်ဆို တအုပ် ပြောရမဲ့ မာစတာပိစ် ကြီးတွေကို မာ့က်စ် ရေးသားပြုစုထားတဲ့စာတွေ နဲ့ ယှဉ်ကြည့်လိုက်စမ်းပါ။ သူတို့ စာတွေဟာ ကလေးတန်းလောက်ပဲ ရှိတော့တယ်။ မာ့က်စ်ရဲ့ စာကို ကြည့်လျှင် ရုပ်သမိုင်းဖြစ်စဉ်တွေကို အရှိ အရှိအတိုင်း ထုတ်ခြင်းပေါက် သိအောင်၊ သူ့ ရဲ့ နှစ်ပေါင်းများစွာ အားထုတ်မှု ကို ခင်ဗျားတို့  တွေ့ ရမယ်။ အရင်းကျမ်းတအုပ်မှာပင် သူ့ ဘ၀ရဲ့ ၁၇ နှစ်လောက် မြှပ်နှံခဲ့ရတယ်။ အလွန့် အကျွန် လုံ့ လထည့် လုပ်ခဲ့ရတဲ့ ကြိုးပမ်းချက်ဖြစ်ပြီး၊ သူ နားလည်သလို လူတွေ သိပါစေဆိုတဲ့ စေတနာနဲ့  အားထုတ်ခဲ့တာပါ။ ဒါပေမဲ့ သူက သူ ရေးပြီးသမျှနဲ့ ကျေနပ်ရောင့်ရဲနေတဲ့လူစားမျိုးလည်းမဟုတ်ပြန်ဘူး။ သူ့ စာတွေကို အမြဲလိုလို ပြန်တည်းဖြတ် ပြုပြင်မှုလုပ်နေခဲ့တယ်။ အိုင်ဒီယာ၊ အယူအဆတခု ကို သရုပ်ဖေါ်တဲ့ အခါ၊ သူ့ အတွေးနက်သလောက်ကို သူ့ အရေးအသားက အမှီမလိုက်နိုင်လျှင် မာ့က်စ် က သူ့ ကိုသူ မကျေမနပ်ဖြစ်တတ်တယ်။
မာ့က်စ် ပါရမီ နဲ့ ထူးချွန်မှု အကြောင်းပြောမယ်ဆိုလျှင်၊ သိသာတဲ့ အရည်အသွေး၂ ခု ရှိတယ်။
အရာဝတ္ထု တခုကို အပိုင်းပိုင်း စိတ်ခြမ်း ပြီးမှ တပိုင်းစီကို အနုစိတ်လေ့လာနိုင်စွမ်းတဲ့ ပါရမီ။
ဒါကို ဘယ်သူမှ စိတ်ကူးယဉ်ကြည့်လို့ မရ နိုင်ဘူး။ သူ ခွဲစိတ်ထားတဲ့အပိုင်းလေးတွေ သဏ္ဍန်အမျိုးမျိုးနဲ့  ပေါ်လာတာ၊ ပြီးတော့ ပေါ်လာတဲ့ အပိုင်း အသီးသီး တခုနဲ့ တခု အညမည အကျိုးပြု တည်မှီနေတာတွေ ကို ပါ မာ့က်စ်က နားလည်နေလေတော့၊ သူ့ လောက် ပါရမီမပါ၊ သူ့ လောက် ဖေါက်ထွင်းတွေးခေါ်နိုင်စွမ်းမရှိ၊ သူ့ လို သမိုင်း၏ ကြောင်းကျိုးဖြစ်စဉ်များကို ဂွင်းဆက်လိုက်ပြီး လေ့လာနိုင်စွမ်းမရှိတဲ့ တခြားပညာရှင်တွေက မာ့က်စ်ကို မကျေနပ်ဖြစ်ကြလေရဲ့။
ဂျီအို မက်ထရီ ဆရာ များစာသင်တဲ့ အခါ ဘာသာရပ်ထဲက အဓိပ္ပါယ်ဖွင့် ဆိုချက်တွေ ကို ပတ်ဝန်းကျင်ထဲက ရှိပြီးသား ရှင်းလင်းချက်တွေကို ခပ်လွယ်လွယ် နှိုက်ပြီး သင်ပေးတတ်ကြတယ်မဟုတ်လား။ သင်ကြားချက်ထဲမှာ ဘာကြောင့်  လောဂျစ်နဲ့ အဖြေထွက်ခြင်းကို ဆရာက ပြန်သက်သေ မပြလျှင်၊ သည်ဆရာဟာ လောဂျစ်ကို ပစ်ပယ်တာပဲ။ မာ့က်စ် ဟာ သက်သေပြခြင်းကို ငြင်းပယ်တဲ့  ဂျီအိုမက်ထရီ ဆရာတယောက်၏ နည်းနာမျိုး ကို သုံးကို မသုံးခဲ့ဘူး။
အရင်းကျမ်းဟာ ကမ္ဘာ့ စီးပွားရေးစနစ်တွေ နုရာက ရင့် လာစေခဲ့တဲ့ လက်သည်အစစ်ကိုပြထားတယ်။ နှစ်ပေါင်းများစွာ သူ အပင်ပန်းခံ ကြိုးစားအားထုတ်ထားတဲ့ သိပ္ပံနည်းကျ ကမ္ဘာ့စီးပွားရေးစစ်တမ်းဖြစ်တယ်။
ဘာဖြစ်လို့ လဲ ဆိုတော့၊ မာ့က်စ် ရေးသား ပိုင်းဆစ် ပြသတဲ့ အချိန်ကျမှ အရင်က သိရခက်ခဲ၊ စိတ္တဇ ဆန်တဲ့ ကြောင်းကျိုးဆက်သွယ်ချက်တွေဟာ၊ အများသိဖို့ ဖြစ်လာခဲ့တယ်။ နားလည်ရခက်ခဲတဲ့ အယူအဆတွေဟာ အရင်က ဘယ်သူမှ မဖမ်းမဆုပ်နိုင်ဖူး။ေ၀၀ါးဝါး ဒဿနတွေဟာ ခုမှ မာ့က်စ်ကြောင့် သူသူငါငါ အများ မျက်လုံးထဲ သိလွယ် မြင်လွယ် ဖြစ်လာကြတယ်။ သိတော့ လည်း ကွက်ကွက် ကွင်းကွင်း သိလာခဲ့ကြတာ ဆိုပါတော့။ သည်တော့ စီးပွားရေးပညာရှင်ကြီးအချို့ က သူတို့ နည်းသူတို့ ဟန်၊ သူတို့ ဥာဏ်နဲ့ မကြံစီနိုင်၊ ကောက်ချက်မချနိုင်တဲ့ ရုပ်ပတ်ဝန်းကျင်၏အပြန်အလှန် ဆက်သွယ်ချက် တွေ ဟာ မာ့က်စ် အားထုတ်မှုကြောင့် ထင်ထင်လင်းလင်းဖြစ်လာခဲ့တယ် ဆိုပြီး အရင်းကျမ်း စာရေးဆရာကို မကျေမနပ်ဖြစ်ခဲ့ကြပါရော။
မာ့က်စ်ဟာ သူ့ အရင်းကျမ်းမှာ သီးခြား အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ၊ အဆက်အစပ်မရှိ သီးသန့်  တကွဲတပြားဖြစ်နေတဲ့ စီးပွားရေးဖေါ်မြူလာတွေ ကို သူ့ သဘောနဲ့ သူ လုပ်ကြံချဲ့ကား ခြယ်မှုန်းထားတာ တခုဆိုတခုတောင် မရှိဘူး။ မာ့က်စ်၏ အရင်းကျမ်းဟာ နိုင်ငံရေးစနစ်တွေနဲ့ အညမညပြုနေ တဲ့ စီးပွားရေးစနစ်များစစ်တမ်း ဖြစ်တယ်။ ထို့ အပြင် သည် နိုင်ငံရေးစနစ်တွေထဲမှာပဲ ပေါက်ဖွားလာ၊ နိုင်ငံရေးစနစ်တွေကပဲ ကျားကန်တည်တန့် ခိုင်မြဲနေစေတဲ့ စီးပွားရေးစနစ်များ အရောင် အနုအရင့် အမျိုးအစား အစုံစုံ ရှိနေပုံတွေ၊ ပြီးတော့  ဒီစနစ်တွေ ရဲ့ ကွာလတီ အရည်အသွေး ကွာဟမှုတွေ၊ ဒါတွေကို မီးမောင်းထိုး ရှင်းလင်းပြသထားတဲ.ကျမ်းကြီးဖြစ်တယ်။
မာ့က်စ် ပထမဆုံး တင်ပြတဲ့ ခဲ့တဲ့ အချက်က ဆိုဆိုက်ရတီ၊ လူ့ အဖွဲ့ အစည်း တရပ်၏ ကြွယ်ဝမှုဟာ ဓနရှင်စနစ်၏ အလွန်အကျူး ကုန်ထုတ်လုပ်မှု ကတဆင့် အားလုံးကို မောင်းနှင်ထိန်းချုပ်ထားတဲ့အချက် ကလာတယ်။ ထုတ်ကုန် သို့ မဟုတ် ရုပ်ပစ္စည်းတခုဟာ ဆုပ်ကိုင်ပြလို့ ရတဲ့ အရာ။ ဒီအရာ က ရှင်းတယ်။ ဂဏန်း သင်္ချာ ရှုပ်ထွေးမှု မျိုးလည်းမဟုတ်ဘူး။ ဒါကြောင့် ထုတ်ကုန် တခုဟာ အရင်းရှင်စနစ် ဖွဲ့ စည်းမှု၏ မူလ အခြေခံ ဆဲလ်။ မာ့က်စ် ဖေါ်ထုတ်နည်းက အရင်းရှင်တို့  ထုတ်ကုန် ကို ဘယ်ပြန်ညာပြန်၊ အတွင်းအပြင် ဆွဲလှန်ပြခဲ့ပြီး၊ ဒီဆဲလ် တို့ ရဲ့ လှို့ ဝှက်ချက် တွေကို တခု ပြီးတခု ပြခဲ့တယ်။ ထုတ်ကုန်၏ လှို့ ဝှက်ချက်လို့ သာပြောရပါတယ်။ သည်လှို့ ဝှက်ချက်တွေဟာ သမိုင်းတလျှောက်လုံး တပုံစံတည်း အကြိမ် များစွာ အလီလီ ပေါ်ထွက်နေတာပါပဲ။ ဒါတောင်မှ တခြား ဘောဂဗေဒပညာရှင် ကြီးတွေက ဒီ ထုတ်ကုန် ရဲ့ သဘောသဘာဝကို အနည်းငယ်လေးတောင် သတိမထားမိခဲ့ကြဘူး။
အရင်းရှင်တို့ ကုန်ထုတ်လုပ်ငန်းရဲ့ လှို့ ဝှက်ချက်တွေကတော့ ကက်သလစ် ဘာသာ၏ လှို့ ဝှက်ဆန်းကြယ်မှု တွေထက်တောင် အမျိုးအစားပိုများ၊ ပို ကျယ်ဝန်းနက်ရှိုင်းတယ် ခင်ဗျ။
မာ့က်စ်က ကုန်ပစ္စည်းတို့ ရဲ့ လှို့ ဝှက်ချက် ကို သွားတွေ့ တယ်။ ထုတ်ကုန်၏ သဘာဝ ကို အဖက်ဖက်က ဆန်းစစ်ပြီး၊ သူ့ နောက်က ပါလာတဲ့ လဲလှယ်တန်ဖိုး၊ ပြီးတော့  အမြတ်အစွန်း ဆိုတာကို မာ့က်စ် ကတွေ့ သွားတယ်။ ဒီတော့ ကုန်ထုတ်လုပ်မှုပုံစံအားလုံးကို သူလေ့လာတယ်။ ကုန်ထုတ်လုပ်ငန်း ကို တောင်းဆိုလာတဲ့ သမိုင်းကြောင်းလိုအပ်ချက်တွေကိုပါကြည့်တယ်။ မူလ ကုန်ထုတ်လုပ်မှုပုံစံကို နောက်ပုံစံအသစ်တခု က ခြေဖျက်တယ်။ အမှန်လည်း ရုပ်သမိုင်းကြောင်းလိုအပ်ချက်ကြောင့်သာ ကုန်ထုတ်လုပ်မှုပုံစံအမျိုးမျိုး ဟာ ခေတ်တခေတ်ကနေ၊ နောက် တခေတ်ကို လက်ဆင့်ကမ်း ဆောင်ကျဉ်းလာတာဖြစ်တယ်။
သည်လိုနဲ့  ပုံစံအမျိုးမျိုးသော ကုန်ထုတ်လုပ်ငန်းတို့  တခုကို တခု ကဖျက်ရင်း၊ အစားထိုးရင်း ဆိုဆိုက်ရတီများနဲ့ သူတို့ စီးပွားရေးအုတ်မြစ်အခြေခံတွေကြီး တွေကပါ ယုတ္တိကျကျ ပြောင်းလဲဖြစ်ပေါ်လာတဲ့ ကြောင်းကျိုးဖြစ်စဉ် သမိုင်းကြောင်းတခုလုံးကို မာ့က်စ် က အနုပညာမြောက်စွာ အနုစိတ် ရှင်းလင်းပြနိုင်ခဲ့တယ်။ မသိတဲ့လူအနေနဲ့  ဆို သူ့ အရင်းကျမ်း စာအုပ်ဟာ တယောက်သောသူ၏စိတ်ကူးစိတ်သန်းကွန်.မြူးပြီး စိတ်ကူးယဉ် အလှရေးထားတဲ့ စာအုပ်လို့ တောင် ထင်ချင်စရာတောင် ဖြစ်ခဲ့တယ်။
အမှန်တော သူ့ အရင်းကျမ်းဟာ သရုပ်မှန် ပစ္စည်း။
ရုပ်ဝတ္ထု ကုန်ပစ္စည်းတို့ ရဲ့ ကြောင်းကျိုးဆက်နွယ် နိယာမတရား ဟာ လောကမှာ ရှိပြီးသား။ မာ့က်စ် က သည်နိယာမနောက်က ဒဿနကို အရင်းကျမ်း ဖြင့်  ရေးသားဖေါ်ထုတ်လိုက်ခြင်းသာဖြစ်တယ်။
အညတရ ပညာရှင်တွေကို စတင် ကိုးကား၊ အသိအမှတ်ပြုခဲ့သူ။
မာ့က်စ် က သူ့ အရေးအသား၊ သူ့ စာ အပေါ်မှာ အလွန်တာဝန်ခံတတ်သူ လည်းဖြစ်တယ်။ သြဇာကြီးမားထင်ရှားသူတွေ ရဲ့ ကျမ်းများကို ကြည့်တဲ့အခါ၊ က၀ိကြီးတို့ နံမည်အရှိန်ကြောင့် သူတို့ ပေးတဲ့ အချက်အလက် တွေကို မာ့က်စ်က လွယ်လွယ်ယူ၊ ကိုးကားလေ့မရှိဘူး။ သူများ တဆင့်ပြောနဲ့ ရေးသားမှုတွေကိုလည်း မာ့က်စ်က စိတ်တိုင်းမကျတတ်ဘူး။ သူ့ အကျင့်အတိုင်း အချက်အလက်တခု၏ဇစ်မြစ် ကို သူ ကိုယ်တိုင်သေသေခြာခြာ လိုက်တယ်။ ရေဆုံးရေဖျားလိုက်ရလို့  ဘယ်လောက် ပင်ပန်းပင်ပန်း၊ သူ့ အတွက် အရေးမကြီးဘူး။ စလယ်ဆုံး ဆုံးခန်းတိုင် သုတသနပြု ရမှ သူကကျေနပ်တယ်။
သေးငယ်တဲ့ အချက်ကလေးတခု အတွက်တောင် သူ့ ဖက်က သိပ်မသေခြာလျှင်၊ ဗြိတိသျှပြတိုက်ကိုသွားတယ်။ လိုအပ်သလို စာအုပ်ကြီးငယ်လှန်ပြီး ရှာဖွေတယ်။ တိုက်ကြည့်တယ်။ သည်တော့ စာပေဝေဖန်ရေးဆရာတွေက မာ့က်စ် စာမှာ တနေရာရာမှာ သူ နမော်နမဲ့၊ မှားရေးလိုက်တာများ ရှိလို ရှိငြား လိုက်အပြစ်တင်လို့ မရ။ ဒီ့အပြင် မာ့က်စ်ပေးတဲ့ အချက်အလက်၊ တင်ပြချက်၊ ရှင်းလင်းချက်အားလုံးဟာ အထပ်ထပ် စစ်ဆေးသေချာမှု မပါပဲ၊ ရေးလိုက်တာပါလို့  ဘယ်သူ တဦးတယောက်ကမှ မာ့က်စ်ကို မစွတ်စွဲနိုင်ခဲ့ဘူး။
မာ့က်စ်ဟာ ဇစ်မြစ် လိုက်တဲ့ စာရေးဆရာပေမို့  လူသူ လုံးဝမသိတဲ့ စာရေးဆရာပေါင်းများစွာကို လည်း အသေးစိတ်ဖတ်ရှုခဲ့ရတယ်။ အချို့ ပညာရှင်တွေဆို မာ့က် ကလွဲလျှင် သူတို့  အလုပ်ကို ဘယ်သူကမှာ မကိုးကားကြသေးဘူး။ မာ့က်စ်ကြောင့်သာ မထင်ရှားတဲ့ ပညာရှင်တို့  အမည်တွေဖေါ်ပြခံရတယ်။
အရင်းကျမ်း ကို ကြည့်လျှင် မာ့က်စ် ၏ကျမ်းကိုးစာရင်းမှာ လူမသိတဲ့ စာရေးဆရာမြောက်များစွာတို့ ရဲ့ စာအုပ်များစွာ ကို ဖတ်ခဲ့ သုတေသနပြုခဲ့ရတာ ပေါ်လွင်တယ်။ ဒါကြောင့် မသိတဲ့သူတွေက မာ့က်စ်ဟာ သူစာဖတ်ဘယ်လောက်နှံ့ စပ်တယ်ဆိုတာ ကြွားချင်လို့ က၀ိဂုဏ် တမင်ပြပါတယ်လို့ တောင် အထင်မှားသွားနိုင်တယ်။ မာ့က်စ် မှာ ကြွားဝါချင်စိတ်၊ ပညာပြချင်စိတ် အလျဉ်းမရှိဘူး။ သူက သမိုင်းကို တရားမျှတစွာ ချဉ်းကပ်တယ်။ အလားတူပဲ သမိုင်းရေး စာရေးဆရာတိုင်းကို ကြီးကြီးငယ်ငယ် သူတို့ အလုပ်တန်ဖိုးအတိုင်း ထိုက်တန်တဲ့နေရာပေးရမယ် လို့ သူပြောတယ်။
အယူအဆ တရပ်ကို ပထမဆုံး ဖေါ်ထုတ် ရေးသားတဲ့ မည်သည့် ပညာရှင်၊ မည်သည့် စာရေးဆရာ မဆို၊ ဘယ်လောက်ပဲ အညတရ ဖြစ်နေပါစေ၊ မာ့က်စ်က မချန်လှပ်ခဲ့ဖူး။ တခြား ပညာရှင်များ၏ စာကို တန်ဖိုးထားတတ်တာတွေ၊ မမေ့မလျှော့ အသိအမှတ်ပြုတတ်တာတွေ ဟာ မာ့က်စ်ရဲ့ အသိတရားကြီးကဲတဲ့၊ စာပေ ကျင့်ဝတ်လည်းဖြစ်နေပြန်တယ်။
မာ့က်စ် ဟာ သိပ္ပံ ရှုဒေါင့်ကတင် သေချာတာမျိုး မဟုတ်ဘူး။ စာအကျအပေါက်၊ စကားလုံး၊ တင်ပြပုံ တွေက အစ တခု မကျန် အလွန်ဂျီးများ၊ စာမှာ အရမ်းဂရုစိုက် တဲ့ သူ ဖြစ်တယ်။ မာ့က်စ်ဟာ သိပ္ပံတာဝန်ကျေသလို စာပေ့တာဝန်လည်း ကျေခဲ့တယ်။ အချက် သေးသေးလေတခု သူ စိတ်ကျေနပ်မှု မရ မခြင်း၊ လွှတ်ပြီး ပြီးစလွယ် မရေးတတ်။ သူက အထပ်ထပ် ပြန် ဖတ်တယ်။ အကြိမ်ကြိမ်ပြန်ရေး၊ တည်းဖြတ်တယ်။ သူ့ စာ ကို သူ စိတ်တိုင်းကျတဲ့ အဆင့် မရောက်သေးသရွေ့ ဘယ် ပုံနှိပ်တိုက်ကိုမှ စာမူတွေ သူ မပို့  တတ်ဘူး။ ဖြစ်ကတတ်ဆန်းလည်း စာအုပ် မထုတ်ဘူး။ သူ မသိတဲ့ အကြောင်းအရာကို လည်း သူ မပြောဘူး။ သူ့ စာတွေကို ပြီးပြည့်စုံတဲ့ အထိ အထပ်ထပ် အလီလီ မပြင်ဆင်ရ သေးပဲ သူများကို ပေးဖတ်လေ့ လဲ မရှိဘူး။ တယောက်ယောက်ကများ သူရဲံ့  အပြီးမသတ်ရသေးတဲ့ စာမူကြမ်း တွေကို ဖတ်မိရင်၊ မာ့က်စ်ခမြာ နေမထိ ထိုင်မထိဖြစ် အကြီးအကျယ် စိတ်ဆင်းရဲ သွားနိုင်တယ်။ "ငါ့ မပြီးသေးတဲ့ စာမူ ကြမ်းတွေ၊ ငါသေပြီးရင် အကုန် မီး ရှို့ ပစ် တာပဲ ကောင်းမယ် ထင် ပါ ရဲ့ ကွာ" လို့  ကျနော့် ကို တခါ ပြောဖူးတယ်။
အပြာရောင် စာအုပ်များ Blue Books၊ အရင်းကျမ်းနောက်ကွယ်က ကုန်ကြမ်းအချို့ 
အင်္ဂလိပ် စက်ရုံ အင်စပက်တာများပြုစုခဲ့တဲ့Blue Books တွေဟာ မာ့က်စ် ၏ အရင်းကျမ်း ပြင်ဆင်မှု မှာ အရေးပါတဲ့ မှတ်တမ်းများဖြစ်ခဲ့ တယ်။ သူ ဟာ အင်္ဂလန်ရဲ့ စက်မှု ကုန်ထုတ်လုပ်ငန်း အကြောင်း သိဖို့  အလွန်များပြားတဲ့ အပြာရောင် စာအုပ်တွေကို ဖတ်ရှုခဲ့ရတယ်။ မာ့က်စ် အလုပ်လုပ်ပုံ ကို စာဖတ်သူတဦး ဘယ်လို မှ စဉ်းစားလို့ မရနိုင်ဘူး။ သူ့အပေါ် အလွန်လေးလံတဲ့ ၀န်ထုပ်ဝန်ပိုး ပိနေတဲ့ အကြောင်းရင်းခံက သူ့ စာအပေါ် သူ တာဝန်ခံပုံ၊ပြီးတော့ သူ အလုပ်လုပ်တဲ့ နည်း၊ ဒါတွေနဲ့  သက်ဆိုင်နေတယ်။ သူ့ အရင်းကျမ်း( Das Kapital) စာအုပ်အတွက် စာမျက်နှာ ၂၀ လောက် ရဖို့  စာကြည့်တိုက်တခုလုံး က ဥပဒေစာအုပ်တွေကို မာ့က်စ် ဖတ်ခဲ့ရတယ်။ ဖတ်တဲ့အခါ တအုပ်လုံး စေ့စေ့ငုံငုံဖတ်ရတာ။ ခဲတံ နဲ့ အမှတ်ရာတွေ စာအုပ်တိုင်းမှာ အပြည့်။ Blue Books တွေဟာ Capital ဖြစ်လာဖို့ အတွက် သူ လေးလေးပင်ပင် လေ့လာခဲ့ရတဲ့ စာအုပ်များပါ။
Blue Books စာအုပ်တွေမှာ အင်္ဂလန်နဲ့ စကော့တလန်က အလုပ်ရုံစက်ရုံ ကုန်ထုတ်ဥပဒေတွေ များအပြင်၊ စက်ရုံ စစ်ဆေးရေးမှုး တွေ၏ ကွင်းဆင်း မှတ်တမ်းများ ပါဝင်တယ်။ ထိုအချိန်က ဥရောပ တတိုက်လုံးမှာ အင်္ဂလန် နိုင်ငံကလွဲလျှင် ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ အင်္ဂလိပ်စက်ရုံ အင်စပက်တာတွေလောက် အလုပ်လုပ်တတ်၊ အရည်အသွေးရှိရှိ မှတ်တမ်းပြုစု မှုတွေ အလုပ်နိုင်ကြဘူးလို့  မာ့က်စ်က သံသယရှီခဲ့တယ်။ ဒါကြောင့်လည်း သူ့ အရင်းကျမ်း ပထမတွဲ အမှာစာမှာ အင်္ဂလိပ် စက်ရုံအင်စပက်တာများ အကြောင်း ထည့်ရေးခဲ့တယ်။ "အင်္ဂလန် က စက်ရုံအလုပ်ရုံ အင်စပက်တာ များဟာ အလုပ် ကျွမ်းကျင်ကြသူများဖြစ်တယ်။ စက်ရုံစစ်ဆေးရေးတာဝန်ကို အရည်အသွေးပြည့်မှီစွာ လုပ်ကြတယ်။ သူ့ တို့  အလုပ် သူတို့ လုပ်တဲ့ အခါ ဘယ်ဖက်မှ မျက်နှာ မလိုက်၊ သမာသမတ်ကျ၊ လေးစားစရာ ကောင်းတဲ့ စစ်ဆေးရေး အရာရှိများ ဖြစ်တယ်" လို့  မာ့က်စ်က သူတို့ ကို မှတ်တမ်းတင် ဂုဏ်ပြုပေးခဲ့တယ်။
--------------------------------------------------------------------------------------------------------------------
စုစုပေါင်း (၆)ပိုင်းခွဲထားပါတယ်။
အပိုင်း(၅)ကို ဆက်ဖတ်ပါ။
ဘာသာပြန်ဆိုသူ (aasw)
ဓါတ်ပုံများ--အင်တာနက်မှ။
မာ့က်စ် အင်တာနက်ပြတိုက်ကလည်း ယူပါတယ်။
Written by Paul Lafargue in 1880.
Source: Marx and Engels Through the Eyes of Their Contemporaries, Progress Publishers, 1972.

No comments:
Post a Comment