သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, November 3, 2013

အပိုင်း(၃) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

အပိုင်း(၃) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

October 29, 2013 at 7:20am
မာ့က်စ် ၏လက်ရေး။
၁၈၄၇ ဒီဇင်ဘာ-၁၉၄၈ ဂျန်န၀ါရီ မှာ မာ့က်စ် နှင့် အန်ဂဲလ်စ် အတူတကွရေးခဲ့သော
ကွန်ြမူနစ် ကြေငြာစာတမ်း၏
မူရင်း ပထမ လက်ရေးမူ။ 
ထို ပထမ လက်ရေးမူ တအုပ်လုံးပျက်စီးသွားခဲ့။ ၁၈၈၃ တွင် အန်ဂဲလ်က ဘားစတိန်းသို့  လှမ်းပို့ ပေးသော နောက်ဆုံးလက်ကျန် ရှားပါး လက်ရေးမူ စာမျက်နှာ။
အပေါ်ဆုံး မာဂျင်လိုင်းပေါ်က ၂ကြောင်း က ဇနီး ဂျန်နီမာ့က်စ်၏ လက်ရေးဖြစ်တယ်။
မာ့က်စ် ၏လက်ရေး။ ၁၈၄၇ ဒီဇင်ဘာ-၁၉၄၈ ဂျန်န၀ါရီ မှာ မာ့က်စ် နှင့် အန်ဂဲလ်စ် အတူတကွရေးခဲ့သော ကွန်ြမူနစ် ကြေငြာစာတမ်း၏ မူရင်း ပထမ လက်ရေးမူ။ ထို ပထမ လက်ရေးမူ တအုပ်လုံးပျက်စီးသွားခဲ့။ ၁၈၈၃ တွင် အန်ဂဲလ်က ဘားစတိန်းသို့  လှမ်းပို့ ပေးသော နောက်ဆုံးလက်ကျန် ရှားပါး လက်ရေးမူ စာမျက်နှာ။ အပေါ်ဆုံး မာဂျင်လိုင်းပေါ်က ၂ကြောင်း က ဇနီး ဂျန်နီမာ့က်စ်၏ လက်ရေးဖြစ်တယ်။


===============================================================
အပိုင်း(၃) ပေါလ် လဖာ့ဂ် မှတ်မိသော မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော သူ့ အဘိဓမ္မာ( ၁၈၉၀)


နိုင်ငံခြားဘာသာစကားများ နှင့်  မာ့က်စ်

မာ့က်စ် ဟာ ဘာသာစကားအရာမှာလည်း ထူးချွန်တယ်။ ဥရောပသုံး အဓိက ဘာသာစကားတွေဖြစ်တဲ့ ဂျာမာန်၊ ပြင်သစ်၊အင်္ဂလိပ် ၃ ခုစလုံးကို ဖတ်နိုင်၊ ရေးနိုင်တယ်။ သူကျွမ်းကျင်ပုံက ဘယ်လောက်အထိလဲဆိုတော့ သည်ဘာသာရပ်တွေ၏ ပါရဂူများကပင် သူ့ ကို တအံ့တသြဖြစ်၊ အထင်မကြီးပဲ မနေနိုင်ရလောက်တဲ့ အဆင့်အထိ ဖြစ်တယ်။ သူပြောလေ့ရှိတာကတော့၊ သည်လိုပါ။ "နိုင်ငံခြားဘာသာစကားတခု တတ်တယ်ဆိုတာ ဘ၀ကို ရုန်းကန်ဖို့ ဆောက်၊ လက်နက်၊ ကရိယာတခုရထားတာနဲ့ အတူတူပဲ" တဲ့။

ဘာသာစကားများ လေ့လာ တတ်မြောက်မှုမှာ သူ့ သမီးလေး တွေ လည်း၊ ဖအေ့ ခြေရာနင်းတယ်။ ဖခင် ပါရမီမြောက် ထူးချွန်သလို သူတို့ ပါ ထူးချွန်ကြတယ်။ အသက် ၅၀ ရောက်ခါမှ၊ မာ့က်စ်ဟာ ရုရှားဘာသာ ကို သင်ယူလိုက်သေးတယ်။ ရုရှားဘာသာ ဟာ ဥရောပတိုက်က တခြား အသက်နုနယ်သေးတဲ. ဘာသာစကား၊အိုမင်းတဲ့ ဘာသာစကား ဒီ၂ မျိုးလုံးနဲ့  နီးစပ်တာ၊ သွားနွယ်တာ၊ တူညီတာ လုံးလုံးမရှိတဲ့ ဘာသာမျိုး။ သည်လို သီးခြားကွဲထွက်နေတဲ့ရုရှားဘာသာ ကိုတောင် အသက်ကြီးမှ သင်ယူတဲ့ မာက့်စ်ဟာ ၆ လအတွင်း တတ်လိုက်တာမှ၊ ရုရှားရဲ့ အကျော်ဒေးယျ ကဗျာဆရာတွေ၊ ၀တ္ထုတွေကို မူရင်းအတိုင်း ဖတ်နိုင်တဲ့ အဆင့်ရောက်ခဲ့တယ်။ သူ့ စိတ်ကြိုက်တွေကတော့ ပူရှကင်၊ နစ်ကိုလိုင် ဂိုဂိုလ် နဲ့  ရှချက်ဒရင်
( Pushkin, Gogol and Shchedrin) တို.ပဲဖြစ်တယ်။

ရုရှန်ရုံးပြန်တမ်း စာရွက်စာတမ်းများမှာ အများပြည်သူမသိအောင်၊ လူတွေကို အမျက်ဖြေ၊ အသံတိပ်သွားစေဖို့  ရုံးစာ ရေးနည်းတမျိုးရှိတယ်။ ဒါပေမဲ့  ရုရှားအစိုးရ တရားဝင် ရုံးအမိန့်  နဲ့  စုံစမ်းလွှာများ ဟာ သူတို့  ပေါ်လစီတွေထင်ဟပ်နေပြီး၊ နိုင်ငံရေးအရ အရေးပါတယ်။ သူတို့ အထာကို မာ့က်စ် က သိနေတယ်။ ဒါ့ကြောင့်  ထိုစာရွက်စာတမ်းများကို မူရင်းအတိုင်း ဖတ်တတ်အောင် မာ့က်စ် က ရုရှားဘာသာကို ကြိုးစားလေ့လာခဲ့တာဖြစ်တယ်။ ရုရှားမြေက မာ့က်စ် ကို ကြည်ညိုတဲ့ နိုင်ငံရေးမိတ်ဆွေ တွေကလည်း မာက်စ်ဖတ်ဖို့ ၊ စာရွက်စာတမ်းတွေကို အဝေးကနေ လှမ်းပို့ ပေးကြတယ်။ ရုရှားနိုင်ငံသားတွေရဲ့ လှုပ်ရှားရုန်းကန်မှုများကို စာနာ အသိအမှတ်ပြု၊ နားလည်ပေးနိုင်တဲ့ နိုင်ငံရေးဘောဂဗေဒပညာရှင် ဆိုလို့  ဥရောပ တတိုက်လုံးမှာ မ့ာက်စ် တယောက် တည်းပဲရှိတယ် လို့  ရုရှားက သူ့ ရဲဘော်မိတ်ဆွေတွေ က ဆိုကြတယ်။

Karl Marx and wife Jenny Marx
Karl Marx and wife Jenny Marx


အက္ခရာ သင်္ချာနှင့် မာ့က်စ်


မာက်စ် က ကဗျာဆရာ၊ စာရေးဆရာတွေ၏ စာပေ အနုပညာ တခုတည်းမှာသာ နှစ်ခြိုက်နေတဲ့သူ တော့ မဟုတ်ဘူး။ သူ့ အသိဥာဏ် ကို အညောင်းအညာဖြေပေးဖို့  စိတ်လေ့ကျင့်ခန်းတရပ် အနေနဲ. သင်္ချာဘာသာကို လည်း မာ့က်စ်က သဘောကျတယ်။ လိုက်စားတယ်။ အက္ခရာ ပုစ္ဆာတွေ သူ တွက်တယ်။ အဖြူအမဲ ပြဿနာတွေအတွက် စိတ်ကြပ်လာလျှင် ဖြေဆည်ရာကို သင်္ချာမှာ သွားတွေ့ တယ်လို.သူက ပြောတတ်တယ်။ မာ့က်စ် က ဒါကြောင့် တခါတရံ သင်္ချာမှာ စိတ်သက်သာရာ သွားရှာခဲ့ပုံ ရှိခဲ့ ပါတယ်။ ပညာရှင် မာက့်စ်ဘ၀ တခုလုံးဟာ စိတ်မကောင်းစရာ အဖြစ်အပျက်တွေနဲ့ ဒင်းကြမ်း။ လောကဓံ ဖိစီးမှုတွေ အများကြီး ရှိခဲ့တယ်။ စိတ် သိပ်ပင်ပန်းလာလျှင် သူက သင်္ချာ ထတွက်တယ်။ သည်နည်းနဲ့ သူက စိတ်နွမ်းနယ်မှု ကိုဖြေဖျောက်တယ်။

သူ့ ဇနီး ဂျန်နီ သေခါနီးရက်တွေမှာ မာက့်စ်ဟာ သူရေးနေတဲ့ စီးပွားရေး သိပ္ပံ သုတေသန စာတမ်းတွေကို ဘေးချ ထားခဲ့ရတယ်။ သည် အချိန်မှာ စိတ်မပျော်၊ ပူဆွေး နေတဲ့ မာ့က်စ်ဟာ သင်္ချာပုစ္ဆာတွေ ထိုင်တွက်ရင်း သူ့ သောကကိုကြိုးစား ဖြေဖျောက်ခဲ့တယ်။ ဂျန်နီ ဘုန်းဘုန်းလဲတဲ့ လတွေမှာ မာ့က်စ် က အင်ဖိုင်းနိစ်တက်စ်မယ်လ် ကဲကူလာ့စ် (Infinitesimal calculus) နဲ့ပတ်သက်ပြီး စာတမ်းတစောင်ရေးခဲ့တယ်။ သင်္ချာကို ထုံးလိုခြေ ရေနှောက် သိနားလည်တဲ့သူတွေကတောင် မာ့က်စ်ရေးခဲ့တဲ့ သင်္ချာစာတမ်းဟာ သိပ္ပံဆိုင်ရာတန်ဖိုး ပါဝင်တယ် လို့ ကောက်ချက်ချကြတယ်။ သူ မရှိတော့တဲ့နောက်ပိုင်းမှာ မာ့က်စ်လက်ရာ စာတမ်းပေါင်းချုပ် ကို ပြုစုတဲ့အခါ တကူးတက ထည့် ထုတ်ဝေရမယ်လို့  ဒီစာတမ်းကို မြင်ခဲ့ဖတ်ခဲ့တဲ့ သင်္ချာပါရဂူတွေက ပြောကြတယ်။

"သိပ္ပံဆိုတာ သင်္ချာ မပေါ်ခင်တုန်းက နည်းနည်းမှ အသုံးမ၀င်၊ သင်္ချာပညာဖြစ်ထွန်းပေါ်ပေါက်၊ သင်္ချာကို လူတွေ ကျကျ နန သုံး တတ်လာကြတော့မှ၊ တန်ဖိုးကြီး အသုံးဝင်တဲ့ သိပ္ပံ ဆိုတာဖြစ်လာခဲ့ရတာ" လို့  မာက်စ်က ယူဆထားလေရဲ့ ။

အမြဲလေ့လာနေတဲ့ ထာဝရ ကျောင်းသားကြီး မာ့က်စ်၊
သိလည်းသိ၊ သူသိသလိုပြောပြနိုင်စွမ်းတဲ့ အင်တဲလက်ကျူရယ်

Reading Room at British Museum, London in the 19th Century.
Reading Room at British Museum, London in the 19th Century.

သူ့ ဘ၀တလျှောက်လုံး သူစုဆောင်းလေ့လာခဲ့တဲ့ စာအုပ်တွေက ထောင်ချီရှိတယ်။ ဒါပေမဲ့ သည်လောက်နဲ့ မာ့က်စ် က မတင်းတိမ်နိုင်ဘူး။ ဘယ်လောက်မှတ်နေနေ၊ သူ့ ခမြာ ဗြိတိသျှ မြူဇီယမ် စီ ပုံမှန်သွားနေကြဖြစ်တယ်။
မာက်စ်က ဗြိတိသျှမြူဆီယမ်က စာအုပ်တွေကို အရမ်း နှစ်သက်တယ်။ သည် ပြတိုက်မှာ စာအုပ် စာရင်းကက်တလောက်တွေ သွားရှာတယ်။ သူ့ ကြည့်လျှင် အမြဲတန်း စာအုပ်တွေကို လှန်လှော ဖတ်ရှုနေတာပဲ။
မာ့က်စ် မှာ ပြင်းထန်တဲ့ လေ့လာလိုက်စားမှု ရှီတယ်။ ဒါ့ကြောင့် သူ့ ကို ယှဉ်ပြိုင်တိုက်ခိုက်တဲ့ ရန်သူတော်တွေကတောင်၊ မာ့က်စ်ရဲ့ သူမတူအောင်ပညာတတ်မှု၊ နှံ.စပ်ကျွမ်းကျင်မှု၊ သိတဲ့နေရာမှာလည်း နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သိနားလည်မှု၊ ဒါတွေကို မထုတ်ဖေါ် မချီးကျူးပဲနေလို.ကို မရဘူး။

အထူးသဖြင့်  နိုင်ငံရေးဘောဂဗေဒ။ ဒါဟာ သူ့  အထူးပြု သုတေသနဘာသာရပ်။ နိုင်ငံရေးစနစ်များ ကမွေးထုတ်ပေးတဲ့ စီးပွားရေးစနစ်များ အကြောင်း လေ့လာမှု မှာ ပါရဂူ ဖြစ်တဲ့ မာ့က်စ်ဟာ၊ သမိုင်းမှာလည်း နှိုက်နှိုက်ချွတ်ချွတ် သိတယ်။ ဥရောပ က ဘာသာစကားအမျိုးမျိုးနဲ့ ရေးသွားတဲ့  ဒဿနဗေဒ နဲ့  အနုစာပေ၊ ကလပ်ဆစ်ကဲလ် လစ်ထရေချာ ပိုင်းမှာလည်း မာက့်စ် သိတဲ့ အသိဟာ က၀ိ အဆင့် ဖြစ်တယ်။

သူဟာ တညလုံး ထိုင်အလုပ်လုပ် တတ်တယ်။ ညဖက် အိပ်ရာဝင်ချိန် ဘယ်လောက် နောက်ကျသည်ဖြစ်စေ၊ နံနက် မိုးလင်း ၈နာရီနဲ့  ၉ နာရီကြားဆို မာ့က်စ်က အိပ်ရာက ပုံမှန် ထတယ်။ သူ ကော်ဖီကြမ်းသောက်တယ်။ သတင်းစာ လှန်လှောဖတ်ရှုပြီးတာနဲ့  သူ့ စာကြည့်ခန်းတန်းဝင်၊ စ အလုပ်လုပ်တော့တယ်။ သူ့ တနေ့ တာ စာဖတ်စာရေး အလုပ်တွေကို၊ နေ့ စဉ်လိုလို မနက် ၃ နာရီ ၄ နာရီလောက်မှာမှ၊ ပုံ မှန်ဖြတ်တယ်။ ထမင်းစားဖို့ လောက်ပဲ ခဏနားတယ်။ ရာသီဥတု သင့်လျှင် ညနေဖက် ဟမ်းစတက် ရပ်ကွက် မှာ သူ လမ်းလျှောက်တတ် တယ်။ သူ ငယ်ငယ်တုန်းကတော့ တညလုံး လုံးလုံး မအိပ်ပဲ၊ တောက်လျှောက် ထိုင် အလုပ် လုပ်နိုင်ခဲ.တဲ့သူမျိုးဖြစ်တယ်။

အဲသလောက် သူ့ အလုပ်သူ ခုံမင်ပြီး၊ ရည်မှန်းချက်၊ ခံစားချက်၊ ထက်သန်မှုတွေ နဲ့  တက်ကြွစွာ အလုပ် လုပ်တတ်တဲ့ မာ့က်စ် ဟာ စာတခါ ထိုင်ရေးလျှင် ထမင်းမေ့ ဟင်းမေ့ ဖြစ်တတ်တယ်။ ညစာ ထမင်းစားဖို့ သူ့ ကို အတော်ခေါ် ယူရတယ် လို့ ပြောကြတယ်။ ခေါ်လွန်းမက ခေါ်ပါမှ ထမင်းပွဲရောက်လာလျှင်လည်း၊ နည်းနည်းလေးစားပြီးတာနဲ့  ခဏကြာ အပေါ်ထပ်က သူစာကြည့်ခန်းထဲ ပြန်ရောက်သွားပြီး၊ တကုပ်ကုပ် နဲ့ စာ ဆက်ရေးနေတော့ တာပဲ။ အစာ စားလျှင် မာ့က်စ် က တို.ကနန်းဆိတ်ကနန်းသမား၊ အစားနည်းတယ်။ သူ့ မှာ အစာကို ဟက်ဟက်ပက်ပက် စားချင် စိတ်တောင် ရှိပုံ မရဘူး။ ရသာပြင်းတဲ့အစာတွေကို သူ ကြိုက်ပေမဲ့ မစားပဲ နေတတ်အောင် နေခဲ့တယ်။ ဥပမာ- ဟမ်မ်၊ ကြပ်တင်ငါး၊ ငါးဥ၊ အချဉ်ဖေါက်ထားတဲ့ ဟင်းသီးဟင်းရွက် လိုမျိုးတွေ။

သူ့ ဦးနှောက် က မနေမနား အရမ်း အလုပ်လုပ်လွန်းတော့ သူ့  အစာအိမ်က ခံနိုင်ရည် သိပ်မရှိရှာဘူး။ သူ့  ဦးနှောက်ကို ဒင်းကြမ်း အလုပ်လုပ်ခိုင်းနိုင်ဖို့  မာ့က်စ်က သူ့ ခန္ဓာကို စတေးပစ်လိုက်ရတယ်။ မာ့က်စ် ပါးစပ်က ဟီဂယ်လ့် စကားတွေ ထထ ရွတ်တာလည်း ကျနော် ကြားခဲ့ ရတယ်။ ပျို မြစ်တဲ့ မာ့က်စ် လူငယ်လေးဘ၀မှာ သူ လေ့လာခဲ့တဲ့ ဒဿနဆရာကြီး ဟီဂယ်လ့် စကားလုံးတွေပေါ့ ။ “ရာဇ၀တ်သားတယောက် ခေါင်းထဲက ဆိုးဆိုးရွားရွား မနောစိတ်ဟာ ကောင်းကင်ဘုံဆိုတဲ့နေရာတွေက ခန်းနားမြင့်မြတ်ခြင်းတွေ ထက်တောင် ပိုမြင့်၊ ပိုခန်းနားတယ်”တဲ့။

ဦးနှောက်ကိုတအားသုံး အလုပ်လုပ်ခဲ့သူ မာ့က်စ်

သာမာန်ထုံးစံမဟုတ်တဲ့ အပြင်းစား အလုပ်တွေရဲ့ ဒဏ်တွေကို မာ့က်စ် ဒီလောက် တောင့် ခံနိုင်တယ်ဆိုတာ၊ သူ့ ခန္ဒာ က တော်ရုံတန်ရုံခန္ဓာဖွဲ့ စည်းပုံမျိုး ထက် ပိုအားကောင်း ပို ခိုင်ခံ့နေလို့ ပဲဖြစ်ရမယ်။ သူ့ ကိုယ်လုံးအမျိုးအစားက ကြံ့ကြံ့ခိုင်ခိုင်၊ သူ့ အရပ်က သာမန်ထက်ပိုရှည်တယ်။ သူ့ ပုခုံးတွေက ကျယ်ပြီး၊ သူ့ ရင်အုပ်က အတော် ချိုင့်တယ်။ ခြေလက်တွေက အချိုးအစားမျှတတယ်။ ခြေထောက်တွေနဲ့ နှိုင်းယှဉ်ရင် သူ့ ကျောရိုးက မသိမသာ ပိုရှည်လွန်းနေတဲ့ပုံထွက်တယ်။ ခါးအလျှား ရှည်သူဖြစ်တယ်။ ဂျူးလူမျိုး အမျိုးသားတွေ မှာ ကျောရိုးရှည်တာဟာ ထုံးစံဖြစ်တတ်တယ်။ သူသာ ဘာဂျွမ်းကစားသူဖြစ်ခဲ့မယ်ဆိုလျှင်၊ အတော်ခိုင်ခန့် ကျစ်လစ်တဲ့ ခန္ဓာကိုယ်မျိုးဖြစ်လာနိုင်တယ် ဆိုပါတော့။ မာ့က်စ်ဟာလေ့ကျင့်ခန်းများများစားစား မလုပ်တတ်ဘူး၊ အလွန်ဆုံး လမ်းလေးဘာလေးလျှောက်၊ဒီလောက်ပဲ။

သူလမ်းလျှောက်ထွက်ပြီဆို တောင်ကုန်းတွေပေါ်ထိတက်နိုင်တယ်၊ အတော်ကြာကြာလည်း တောင်တက်တောင်ဆင်း နာရီနဲ့ ချီပြီး စကားတပြောပြော လမ်းလျှောက်နိုင်သူဖြစ်တယ်။ ဒါပေမဲ့ သူကြည့်ရင် ဘယ်တော့မှ မောတဲ့ ပုံ မပေါက်ဘူး။ သူ့ အခန်းထဲမှာလည်း သူ ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက် နေတာပဲလေ။ များသောအားဖြင်. သူ လျှောက်ရင်းတွေး၊ တွေးရင်းလျှောက်၊ ပြီးတော့ စဉ်းစားတွေးထားသမျှကို ထိုင်ချလိုက်တော့မှ သွန်ပြီး စာရေးတဲ့ အကျင့်။ သူ လူတွေနဲ့  စကားပြောနေရင်းက ထ လျှောက်တတ်တယ်။ တခုခု ရှင်းလင်းပြနေဆဲမှာပဲ မာ့က်စ်ဟာ စိတ်လှုပ်ရှားလာလျှင် လမ်းထလျှောက်လိုက်၊ ပြောလိုက်၊ အခန်းဒေါင့်ရောက်သွားလိုက်၊ ခဏနားလိုက်၊ ထလျှောက်လိုက်၊ သည်လို အမြဲ တက်တက်ကြွကြွ ရှိနေတဲ့ မာ့က်စ်ပါ။

မာ့က်စ် ဦးခေါင်း၊ ဘယ်လို ဦးခေါင်း၊ဘယ်လို ဦးနှောက်အမျိုးအစားလည်း

ကျနော်သူနဲ့ သိကျွမ်းတဲ့ နှစ်ပေါင်းများစွာ အတွင်း၊ မာ့က်စ်ခေါ်လို. ဟမ်းစတက် ရပ်ကွက်မှာ သူနဲ့  လမ်းအကြိမ်ကြိမ် တွဲလျှောက်ဖူးတယ်။ မြက်ခင်းပြင် ကုန်းကျယ်ကြီးတွေပေါ်မှာ သူက ကျနော့် ကို ဘောဂဗေဒ စသင်ပေးခဲ့ တဲ့ နေရာတွေပဲ ပေါ.။ ထိုအချိန်က နောင် သူ့ အရင်းကျမ်းမှာ ပါလာမဲ့ အကြောင်းအရာ အတော်များများကို ကျနော့်ကို အသေးစိတ်ကစ သင်ပေးနေတာကို ကျနော့်ကိုသင်ပေးနေတဲ့ မာ့က်စ် တောင် မှ အမှတ်တမဲ့ ။ ကျနော်ကတော့ ပညာတွေ အရမ်း ရတယ်။ ကျနော့် အိမ်ပြန်ရောက်လျှင် ကျနော်နားနဲ့ မှတ်ယူခဲ့တာတွေကို မှတ်စု အနေနဲ့ ပြန်ချရေးရတယ်။ မာ့က်စ်နားလည်ထားတဲ့ တကဲ့ လေးလေးပင်ပင် အဘိဓမ္မာတွေ၊ လောဂျစ်တွေ၊ သမိုင်းဖြစ်ရပ်တွေဟာ ကျနော့် အတွက် အကုန် မလိုက်နိုင်ဘူး။ ဒီတော့ မှတ်စု စာအုပ်ထဲ မှတ် မှတ်ထားရတယ်။

စိတ်မကောင်းဖြစ်ဖို့ ကောင်းတာက၊ ကျနော် သူ့ စီကရတဲ့ မှတ်စုတွေ အကုန်ပျောက်သွားခဲ့ရတဲ့ အဖြစ်ပဲ။ ပြင်သစ်မှာ ပဲရစ်စ်ကွန်မြူး အပြီး၊ ရဲက ကျနော့်အခန်းကို ဗြောင်းဆန်အောင်ဝင်ရှာတယ်။ မာ့က်စ်စီက တဖြည်းဖြည်း သင်ယူထားတဲ့ ကျနော့် လက်ရေးမှတ်စုတွေကို သူတို့ မီးရှို့ ဖျက်ဆီး ပစ်လိုက် လို့ မှတ်စု တွေ ဘာတခုမှ မကျန်၊ အားလုံး ပျောက်ဆုံးခဲ့ရတယ်။ ဒါကို ကျနော့် တဘ၀လုံးတောက်လျှောက် မေ့လို့ မရသေးဘူး။ မှတ်စုတွေ ပျောက်သွားခဲ့ရတာ ခုထိ ကျနော် တဖြစ်တောက်တောက် ရှိနေတုန်းပဲ။ လူ့ အဖွဲ့ အစည်း ဖြစ်တည်ပေါ်ပေါက်မှု ဆိုင်ရာမှာ သူ့ သီအိုရီကို စေတနာအရမ်းထား အသေးစိတ် လေးတွေကစပြီး တဖွဖွပြော၊ သက်သေသာဓက တွေ နဲ့  ကျနော်.ကို သူက ဂရုတစိုက် သင်ပေးခဲ့ တာ။

ထိုစဉ်က ဘယ်လို ဖြစ်ခဲ့ လဲ ဆို၊ ကျနော်.မျက်လုံးထဲက တိမ်သလ္လာ တွေက၊ အကြေးခွံများကွာကျသလို တခုပြီးတခု အကုန် ကွာကျသွားပါရောလား။ ကမ္ဘ့ာ့သမိုင်း ဖြစ်တည်မှု ကိုပါ ယုတ္တိဗေဒအသိနဲ့ တခါတည်း နားလည်သွားတော့တယ်။ လူ့ ဆိုဆိုက်ရတီတွေနဲ့  လူ့ ဘောင် တွင်းကအယူအဆတွေဟာ ရုပ်သမိုင်း ကနဦးအစ အခြေခံတွေနဲ့  ၀ိရောဓိဖြစ်နေတဲ့ အကြောင်းရင်းတွေကိုပါ မာ့က်စ်ကြောင့် ခြေရာခံ ထိထိမိမိ သိသွားတော့တယ်။ မာ့က်စ်ကြောင့် ပညာသစ် ရခဲ့တဲ့ ကျနော်ဟာ အမြင်သစ်လေးရပြီးမှ သဘောတွေကျ၊ ဘ၀င်ခွေ့ ခေါင်းထဲမှာတလည်လည်၊ တဖြတ်ဖြတ်ဖြစ်သွားတယ်။ ဒါပေမဲ့ သည်လိုဖြစ်သွားမှုက ရလာတဲ့ အသိတရား ကတော့ ကျနော့် ဘ၀မှာ နှစ်ပေါင်းများစွာ စွဲထင် ကျန်ရစ်ခဲ့တယ်။

ကျနော် မာ့က်စ်နဲ့ တွေ့ တုန်းက အဲလို ဖြစ်ခဲ့သလိုမျိုး၊ စပိန် မက်ဒရစ်က ဆိုရှယ်လစ်တွေ လည်း ကျနော့်အပြော အဟောမှာ ခေါင်းတလည်လည် ဖြစ်ခဲ့ ဖူးတယ်။
ကျနော် နဲ့  မာ့က်စ်မှာ၊ ကျနော့်ခေါင်းထဲ မာ့က်စ် က မီးလေးထွန်းပေးလိုက်တယ်။ သူတို့ လည်း အလားတူပဲ။ အရင်က မသိတာတွေ ကြားရ၊ သူတို့ ခါင်းထဲ မှာ တချက်တည်း ထုတ်ချင်းပေါက် အသိဝင် ရှင်းသွား၊ မီးသီးလေး လင်းသွားတော့တယ်။ မာ့က်စ်နဲ့ မတွေ့ ခင်က အရင်က ကျနော့် ရဲ့  ဂကျိုးဂကြောင်၊ နုနယ် မပြည့်စုံတဲ့ သိနားလည်မှု အပိုင်းအစကို မာ့က်စ် က အထူး ပါဝါတင်ပေးလိုက်လို့ သာ ကျနော်ဒီလို ဖြစ်ခဲ့ ရတာ။
အမှန်ပြောရလျှင်၊ လူတယောက် ဦးနှောက်က သည်လောက် အဆန်းအပြား တော်လှန်ရေးသီအိုရီ ကြီး တခု ထွက်လာတာရယ်၊ တခြားရှိပြီးသား စီးပွားရေးသီအိုရီတွေကို အဆင့်ဆင့် ခွဲခြမ်းပိုင်းစစ် ထုထောင်းခြေမွ ပြီးမှ တခန်းတနား ပေါ်ထွက်လာတဲ့ သူ့ အမြင် သူ့ အသိ၏ ထုတ်လုပ်နိုင်စွမ်းဟာ အတော် ဆန်းကျယ်တယ်။ ကျယ်ပြန့် တယ်။သြဇာ ပါဝါကြီးတယ်။ နောက်ထပ် သူ့ လို လူသားတယောက် သူ့ လိုမျိုး တတ်နိုင်လိမ်.မယ်လို့ ကျနော်တို့  ထင်မထားဘူး။

မာ့က်စ် ဦးနှောက် မှာ ဒါတွေသွားတွေ့ တယ်။ သမိုင်း၊ သဘာဝသိပ္ပံနဲ့  အဘိဓမ္မာ ဒဿနအမျိုးမျိုး၊ ဒီနယ်ပယ်အသီးသီးစီက မယုံနိုင်လောက်အောင် ကျယ်ပြန့် များမြောင်လှတဲ့ အချက်အလက်တွေ နဲ့  တပ်ဆင်ထားတဲ့ ဦးနှောက်မျိုးဗျ။ သူက သူ့ ခေါင်းထဲမှာ သိမှတ်ထား၊ စုဆောင်းထားတာတွေကို သူလို တဲ့ အချိန်တိုင်း၊ ခူးခပ်မကုန် အချိန်မရွေး ပြန်ယူသုံးနိုင်တယ်။ သူ့ ရှင်းလင်းချက်၊ သုံးသပ်ချက်တွေ ဟာ အလွန့် အလွန် အသေးစိတ်တဲ့ အပြင်၊ သိပ္ပံနည်းကျတယ်။ မာ့က်စ် ဟာ သူ့ ဦးခေါင်းကို သည်လို အင်တဲလက်ကျူရယ် ဥာဏ်ပိုင်းပညာပိုင်း အလုပ်တွေ အတွက် သုံးစွဲတဲ့နေရာမှာ အတွေးအခေါ်တိကျ သန့် စင်မှု နဲ့ ကျွမ်းကျင်မှု၊ ၂မျိုးစလုံးပါဝင်အောင် တတ်နိုင်ခဲ့တယ်။

ခင်ဗျား သူ့ ကို ကြိုက်တဲ့မေးခွန်းမေး၊ ခင်ဗျားကြိုက်တဲ့ခေါင်းစဉ်တခုခုရွေးပြီး မေးကြည်.။ ခင်ဗျားမယုံနိုင်လောက်အောင် မာ့က်စ်က ခင်ဗျားကို အတော့်ကို အနု စိတ် မှုန်းခြယ်ထားတဲ့ အဖြေပေးလိမ့်မယ်။ဒီ့အပြင်၊ ခင်ဗျား အတွက် အိမ်စာ၊ စဉ်းစားစရာ အဘိဓမ္မာ သင်ကြားချက် ကို ပါ သူ က ခင်ဗျား တစိမ့်စိမ့်တွေးလို ရအောင် တွဲထည့်ပေးလိုက်ဥိးမယ်ခင်ဗျ။ သူ့ ဒဿနတွေကို ခင်ဗျားတို့ ရဲ့ အထွေထွေဘ၀ရေးရာ တွေမှာပါ ထည့်စဉ်းစားလို့ ရတယ်။သူ့ ဦးနှောက်က မြူဝေတဲ့ကမ်းတက်၊ မျက်နှာကရှေ့တဖက်ပဲ တူရှု၊ ချရဲပြရဲ ရင်ဆိုင်ရဲတဲ့ စစ်ထွက်ယောင်္ကျား လိုပဲ။ ကြိုက်တဲ့ ဒဿန ကို ပြိုင်ထိုး နိုင်တဲ့ ခေါင်းမျိုး။

သူ့  မှာ လူတိုင်း လက်ဖျားခါ အံ.သြစရာကောင်းတဲ့ ၀ိရိယ၊ အားထုတ်မှု ရှိတယ်။ သူမတူတဲ့ အသိဥာဏ် နဲ့  ဗဟုသုတပါ ပြည့် စုံတယ်ဆိုတာကို အရင်းကျမ်းတခု ကပင် သက်သေပြပြီးသားဖြစ်တယ်။ ကျနော် ကတော့ အရင်းကျမ်း ကြောင့် မာ့က်စ် ဟာ အကြီးကြီး ဖြစ်ခဲ့တယ် ဆိုတဲ့ အများသူငါ၏ အမြင်နဲ့ ကွဲတယ်။ ကျနော်တင် မက၊ ကျနော့်လိုပဲ သူ့ ကို ရင်းရင်းနှီးနှီး ပေါင်းဖူး သိဖူးတဲ့ သူတွေ က၊ မာ့က်စ်ဟာ သူရေးခဲ့သမျှစာတွေထက် ပို ကြီးတယ် ဆိုတာ သိနားလည်ဖို့ အခွင့်အလမ်းရခဲ့ကြတယ်။ သူဟာ အလွန်ထူးချွန်တဲ့သူ၊ ပါရမ်ီကြီးတဲ့သူ။
သိပ္ပံ နဲ့ အဘိဓမ္မာ ၂ရပ်လုံး တတ်ကျွမ်း နားလည် ပြည့်စုံတဲ့ မာ့က်စ်လို့  ကျနော်တို. ကမြင်တယ်။ မြင့်ပါတယ်ဆိုတဲ့ သူ့ စာတွေထက် အများကြီး ပိုမြင့်တဲ့သူ လို့ ပြောလို့ ရတယ်။

-------------------------------------------------------------------------------------------------------------
စုစုပေါင်း (၆)ပိုင်းခွဲထားပါတယ်။
အပိုင်း(၄)ကို ဆက်ဖတ်ပါ။

ဘာသာပြန်ဆိုသူ (aasw)

ဓါတ်ပုံများ--အင်တာနက်မှ။
မာ့က်စ် အင်တာနက်ပြတိုက်ကလည်း ယူပါတယ်။

Written by Paul Lafargue in 1880.
Source: Marx and Engels Through the Eyes of Their Contemporaries, Progress Publishers, 1972.

No comments:

Post a Comment